<

ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အရှေ့ဂိုအူတာတွင် ငါးရက်ကြာ တိုက်ခိုက်မှုများအတွင်း လူ ၄၀၀ ကျော် သေဆုံး

ဖေဖော်ဝါရီ ၂၂ ရက်က ပါရီရှိ နန်းတော်၌ မျိုးဆက်သစ် ပြင်သစ်လယ်သမားများအား သမ္မတ မက်ခရွန်က မိန့်ခွန်းပြောနေစဉ် (Photo: AFP)

ဆီးရီးယားသူပုန်များ ထိန်းချုပ်ထားသော အရှေ့ဂိုအူတာတွင် ဖေဖော်ဝါရီ ၂၂ ရက်က တိုက်ခိုက်မှုသစ်များကြောင့် လူဒါဇင်များစွာ ထပ်မံသေဆုံးခဲ့ရာ ဆီးရီးယားအစိုးရ၏တိုက်ခိုက်မှုများ ငါးရက်ကြာမြင့်လာချိန်၌ သေဆုံးသူအရပ်သားအရေအတွက် ၄၀၀ ကျော် ရှိလာပြီဖြစ်သည်။ ခုနစ်နှစ်ကြာ မြင့်လာပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ် ပဋိပက္ခတွင် သေဆုံးမှုအများဆုံးဖြစ်ရပ်တစ်ခုဖြစ်သည့် ယင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ လူသားချင်းစာနာမှုဆိုင်ရာ သဘောတူညီချက်တစ်ခုရရှိရန် တောင်းဆိုမှုများသည် အရာမထင်သေးဘဲ လေကြောင်းတိုက်ခိုက်မှုများနှင့် ရော့ကတ်များဖြင့်ပစ်ခတ်မှုများ ကြောင့် လူ ၄၆ ဦး ထပ်မံ သေဆုံးခဲ့ရသည်။

ဆီးရီးယားတွင် ရက်-၃၀ ကြာ အပစ်အခတ်ရပ်စဲရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ တောင်းဆိုမှုသည် သဘောတူညီချက် မရခဲ့ကြောင်း ဆီးရီးယားအစိုးရအား ကျောထောက်နောက်ခံပြု ရုရှားက ထုတ်ပြန်ခဲ့သည်။ ၀ိုင်းရံပိတ်ဆို့ခံထားရသည့်

အရှေ့ဂိုအူတာဒေသမှ အရပ်သားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး လူသား ချင်းစာနာမှုအကူအညီများ ပေးပို့ခွင့်ပြုမည့် ယင်းဆုံးဖြတ်ချက်မူကြမ်းတစ်ခုအား ရုရှားက ပြင်ဆင်ဖြည့်စွက်မှုများ ထည့်သွင်းခဲ့သည်။

ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်နိုင်သည့် ကုလသမဂ္ဂမဲခွဲမှု၌ သံတမန်များက ငြင်းခုံနေချိန်၌ အရှေ့ဂိုအူတာဒေသခံများသည် အစိုးရတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများမှ ရှောင်လွှဲနိုင်ရန် မြေအောက်ခန်းများသို့ စုပြုံသွားရောက်ခဲ့ရသည်။ ရော့ကတ်များဖြင့် ပစ်ခတ်မှုများနှင့် ဗုံးကြဲမှုများကြောင့် အပျက်အစီးပုံများအဖြစ်သို့ ပြောင်းသွားခဲ့ပြီး ဆေးရုံများပင် ထိမှန်ခဲ့ကြောင်းသိရသည်။

အရှေ့ဂိုအူတာတွင် ၎င်းတို့ ထောက်ပံ့ထားသော ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၁၃ လုံးသည် ပြီးခဲ့သောသုံးရက်အတွင်း တိုက်ခိုက်မှုများအတွင်း ထိခိုက်ခြင်း သို့မဟုတ် ပျက်စီးခြင်း ကြုံခဲ့ရပြီး ကျန်ရှိသောဆေးဘက် ၀န်ထမ်းများမှာလည်း နေ့စဉ်ရောက်ရှိလာသည့် ရာပေါင်းများစွာသော ဒဏ်ရာရလူနာများအား ကယ်တင်နိုင်ရန် အနည်းငယ်သာ စွမ်းဆောင်နိုင်ခဲ့ကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားအစိုးရနှင့် ၎င်း၏မဟာမိတ် ရုရှားတို့၏ ငါးရက်ကြာ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် အဆက်မပြတ် ပစ်ခတ်မှုများကြောင့် ကလေး ၉၅ ဦး အပါအ၀င် အရပ်သား ၄၀၃ ဦး သေဆုံးခဲ့ရကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။ ဖေဖော်ဝါရီ ၂၂ ရက်တွင်မူ နံနက်ပိုင်း၌ မိုးအနည်းငယ်ရွာသွန်းမှုကြောင့် စစ်လေယာဉ်များ၏ ပျံသန်းမှုမရှိခဲ့သော်လည်း နေ့လယ်ပိုင်းတွင် ရာသီဥတုကြည်လင်ချိန်၌ ရုရှားလေယာဉ်အချို့ပါဝင်သော ဂျက်လေယာဉ်များက ပျံသန်းခဲ့ကြကြောင်း ယင်းစောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့သည်။

အရှေ့ဂိုအူတာတွင် တိုက်ခိုက်မှုများ၌  တိုက်ရိုက်ပါဝင်ခဲ့ခြင်းမရှိကြောင်း ရုရှားက ငြင်းဆန်နေဆဲဖြစ်သော်လည်း ဆီးရီးယား အစိုးရလိုလားသော သတင်းစာ အယ်ဝါတန်ကမူ ယင်းတိုက်ခိုက်မှုများတွင် ရုရှားစစ်လေယာဉ်များနှင့် အကြံပေးများ ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်ကလည်း ယခုကဲ့သို့ သေဆုံးမှုများအတွက် ရုရှားတွင်  တာဝန်ရှိကြောင်း ဖေဖော်ဝါရီ ၂၃ ရက်၌ ထုတ်ပြန်ခဲ့သည်။

February 23, 2018














Copy Protected by Chetan's WP-Copyprotect.