အိုလံပစ်ပြိုင်ပွဲတက်မည့် မြောက်ကိုရီးယားဗိုလ်ချုပ်အား ကွပ်မျက်ရန် တောင်ကိုရီးယားအမတ်များ တောင်းဆို

အိုလံပစ်ပြိုင်ပွဲတက်မည့် မြောက်ကိုရီးယားဗိုလ်ချုပ်အား ကွပ်မျက်ရန် တောင်ကိုရီးယားအမတ်များ တောင်းဆို
Published 24 February 2018

မြောက်ကိုရီးယားဗိုလ်ချုပ် ကင်ယောင်ချိုအား ၂၀၀၇ ခုနှစ် ဇူလိုင် ၂၇ ရက်က ကိုရီးယားနယ်စပ်ရှိ ပန်မန်ဂျွန်ရွာ၌ တွေ့ရစဉ် (Photo: AFP)

တောင်ကိုရီးယားတွင် ပြုံချန်အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ မြောက်ကိုရီးယား ထိပ်တန်းဗိုလ်ချုပ်တစ်ဦးက တက်ရောက်မည့် အစီအစဉ်အား တောင်ကိုရီးယား ဥပဒေပြုအမတ်များက ဖေဖော်ဝါရီ ၂၃ ရက်တွင် ကန့်ကွက်ခဲ့ကြသည်။ ယင်းဗိုလ်ချုပ်သည် ၂၀၁၀ ပြည့်နှစ်တွင် တောင်ကိုရီးယား စစ်သင်္ဘောတစ်စင်း ပစ်ခတ်နှစ်မြှုပ်ခံရမှုအတွက် တာဝန်ရှိသည့် စစ်ရာဇဝတ်သား ဖြစ်သည်ဟု ၎င်းတို့က တံဆိပ်ကပ်ခဲ့ကြပြီး သူ့အား ကွပ်မျက်ရန် တောင်းဆိုခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သမီးဖြစ်သူ  အီဗန်ကာလည်း တက်ရောက်မည်ဖြစ်သည်။  မြောက်ကိုရီးယားဗိုလ်ချုပ် ကင်ယောင်ချိုက  အဖွဲ့ဝင်ရှစ်ဦးပါသော ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်လျက် တက်ရောက်မည်ဖြစ်ရာ တောင်ကိုရီးယားတာဝန်ရှိသူများသည်  ယင်းပိတ်ပွဲအစီအစဉ်တွင် နေရာချထားမှုအတွက် ခေါင်းကိုက်နေကြသည်။

ကင်သည် ၂၀၁၀ ပြည့်နှစ်တွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသော တောင်ကိုရီးယားအပေါ့စား စစ်သင်္ဘော Cheonan အား တော်ပီဒိုဖြင့် ပစ်ခတ်မှုအပါအဝင် တိုက်ခိုက်မှုများအတွက် တာဝန်ရှိသည်ဟု တောင်ကိုရီးယားတု့ိက သတ်မှတ်ထားကြသည်။

တောင်ကိုရီးယား ကွန်ဆာဗေးတစ်ဝါဒီ  Liberty Korea Party မှ ဥပဒေပြုအမတ်  ၇၀ ခန့်က သမ္မတအိမ်ပြာတော်အပြင်ဘက်၌ စုဝေးဆန္ဒပြခဲ့ကြပြီး ကင်၏ခရီးစဉ်အား  ဖျက်သိမ်းရန် သမ္မတ မွန်းဂျေအင်းအား တောင်းဆိုခဲ့ကြသည်။ ကင်ယောင်ချိုသည်  တောင်ကိုရီးယားအား တိုက်ခိုက်ခဲ့သည့် ဆိုးယုတ်သော စစ်ရာဇဝတ်သားတစ်ဦးဖြစ်ပြီး ၎င်းအား လမ်းပေါ်တွင် ကြိုးပေး၍ ကွပ်မျက်သင့်ကြောင်း ပါလီမန်တွင် Liberty Korea Party ၏ ပြောခွင့်ရပုဂ္ဂိုလ် ကင်ဆန်တက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားသို့ ကင်ယောင်ချိုလာရောက်မည့် အရေးနှင့်ပတ်သက်၍ ဒွိဟများစွာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေမှုကို  တောင်ကိုရီးယားအစိုးရက သတိပြုမိကြောင်း၊ သို့သော် ယင်းအား ကိုရီးယားနှစ် နိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေရန်  အခွင့်အလမ်းအဖြစ် လက်သင့်ခံပြီး ငြိမ်း ချမ်းရေးအတွက် ဆွေးနွေးမှုများသည် တိုးတက်သင့်ကြောင်း တောင်ကိုရီးယား၏ ကိုးရီးယားပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘက်တဲဟွန်က ပြောကြားခဲ့သည်။

သို့သော် ထရန့်၏ သမီးနှင့် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တု့ိသည် ယင်းပိတ်ပွဲအခမ်းအနား၌ တွေ့ဆုံနိုင်ခြေ အလွန်အမင်း နည်းပါး သို့မဟုတ်တွေ့ဆုံရန်အလား အလာမရှိကြောင်း အမေရိကန်နှင့် တောင် ကိုရီးယားနှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အီဗန်ကာသည် ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲတွင် အမေရိကန်မှနေ၍ လေကြောင်းဖြင့် တောင်ကိုရီးယားသို့ ရောက်ရှိခဲ့ပြီး တောင်ကိုရီးယားသမ္မတအိမ်တော်တွင် သမ္မတမွန်းနှင့်အတူ ညစာ သုံးဆောင်မည်ဖြစ်ကြောင်း  သိရသည်။

 

Most Read

Most Recent