IS နှင့်ဆက်နွှယ်သော အကြမ်းဖက်သမားများ ဖိလစ်ပိုင်တွင် ပြန်လည်ခြေကုပ်ယူရန်ကြိုးပမ်းနေစဉ် တိုက်ပွဲများဖြစ်ပွား

IS နှင့်ဆက်နွှယ်သော အကြမ်းဖက်သမားများ ဖိလစ်ပိုင်တွင် ပြန်လည်ခြေကုပ်ယူရန်ကြိုးပမ်းနေစဉ် တိုက်ပွဲများဖြစ်ပွား
Published 24 February 2018

၂၀၁၇ ခုနှစ် ဇွန် ၁၉ ရက်က ဖိလစ်ပိုင်တောင်ပိုင်း မာရာဝီမြို့အနီးတွင် ကင်းလှည့်နေသော ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (Photo: AFP)

ပြီးခဲ့သည့်လများအတွင်းက ဖိလစ်ပိုင်နိုင်ငံ မာရာဝီတောင်ပိုင်းမှ တိုက်ထုတ်ချေမှုန်းခံခဲ့ရသော ဂျီဟတ်များသည် ထိုနေရာမှာပင် အရှေ့တောင်အာရှအစ္စလာမ္မစ်နိုင်ငံတော်ကို တည်ထောင်ရေးအတွက် လူသေဆုံးမှုများသည့် ဧရာမတိုက်ခိုက်မှုတစ်ခုကို လုပ်ဆောင်ရန် စီစဉ်နေကြသည်ဟု စစ်တပ်က ဖေဖော်ဝါရီ ၂၃ ရက်တွင် သတိပေးခဲ့သည်။

ဖိလစ်ပိုင်စစ်တပ်သည် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မာရာဝီမြို့ကို စစ်သွေးကြွတို့လက်ထဲမှ ပြန်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ဂျီဟတ်များသည် တိုက်ခိုက်ရေးသမား ၂၀၀ ကျော်ကို ပြန်လည်စုဆောင်းမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်လည်း အသေးစားတိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

“သူတို့ဟာ အရှေ့တောင်အာရှဒေသမှာ အစ္စလာမ္မစ်နိုင်ငံတော်တည်ထောင်ဖို့ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို မစွန့်လွှတ်ကြသေးပါဘူး” ဟု မာရာဝီအခြေစိုက် စစ်စခန်းမှ အုပ်ချုပ်သူ အရာရှိတစ်ဦးဖြစ်သည့် ဘရောင်နာက  ပြောကြားခဲ့သည်။

“မင်ဒါနာအိုဟာ မြေသြဇာအကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်” ဟု ၎င်းက နိုင်ငံတောင်ပိုင်းဒေသကို ရည်ညွှန်းပြောကြားခဲ့သည်။ သို့သော် မင်ဒါနာအိုဒေသသည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသော ဆင်းရဲမွဲတေမှု၊ မွတ်စလင်များ၏ လက်နက်ကိုင်ပုန်ကန်မှုများကြောင့် ရုန်းကန်နေရသည်။ ဘရောင်နာကမူ မင်ဒါနာအိုသည် လူငယ်သေနတ်သမားများကို အများဆုံး လူစုသည့်နေရာဖြစ်သော အစ္စလာမ္မစ်ကျောင်းများ၊ ဗလီကျောင်းများအား ကြီးကြပ်မှုကို တိုးမြှင့်ရမည်ဟု ပြောကြားခဲ့သည်။

မော်တေအုပ်စုနှင့် ရင်ဆိုင်နိုင်ရန်အတွက် ဖိလစ်ပိုင်စစ်တပ်မှာလည်း လက်နက် အသုံးအဆောင်သစ်များကို ဖြည့်ဆည်း တပ်ဆင်နေသည့်အကြောင်း ၎င်းက ဆိုသည်။ အရှေ့အလယ်ပိုင်းမှ IS အုပ်စုအား သစ္စာခံထားသော ထိုမော်တေအုပ်စုသည် ပြီးခဲ့သည့်နှစ်က မာရာဝီမြို့ကို ငါးလကြာအောင် သိမ်းထားခဲ့သည့် အဖွဲ့လည်းဖြစ်သည်။

မာရာဝီကို ပြန်သိမ်းရန် အမေရိကန် ကျောထောက်နောက်ခံပေးထားသော စစ်ဆင်ရေး၏ အစောပိုင်းနေ့များအတွင်း ထွက်ပြေးသွားခဲ့သည့် သေနတ်သမားများက ယခု လူသစ်စုဆောင်းမှုကို ဦးဆောင်နေကြခြင်း ဖြစ်သည်။ ထိုအုပ်စုသည် နေအိမ်များ၊ ဘဏ်များမှ ကျောက်မျက်ရတနာနှင့်ငွေကြေး များကိုလည်း လုယက်နေကြသည်ဟု ဘရောင်နာက ပြောကြားခဲ့သည်။

စုဆောင်းခံရသူ အများစုမှာ ဒေသခံများ ဖြစ်ကြသော်လည်း အရေအတွက် မသိရသော အင်ဒိုနီးရှားများလည်း ပါဝင်ကြောင်း၊ ဗုံးလုပ်တတ်သူများလည်း ပါသည့် ထိုအင်ဒိုနီးရှားများသည် မကြာသေးမီကမှ ရောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်လက မာရာဝီ၏ အနီးအနားမှမြို့များတွင် မော်တေ၏ အဖွဲ့ဝင်များနှင့် အသေးစားပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း စစ်တပ်က ထုတ်ပြန်ခဲ့သည်။

လူပေါင်း ၁၁၀၀ ကို အသက်ဆုံးရှုံးစေခဲ့သည့် မာရာဝီတိုက်ပွဲမျိုး နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားနိုင်သည့် အခြေအနေရှိနေသည်ဟု ဖိလစ်ပိုင်သမ္မတဒူတာတေးနှင့် နိုင်ငံရေးသမားများက သတိပေးခဲ့ကြပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုအသစ်များ  ဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်။

Most Recent