မွမ်ဘိုင်းရှိ ဆရာဝန်များက ကမ္ဘာ့အကြီးဆုံး ဦးနှောက်အကျိတ်အား အောင်မြင်စွာဖယ်ရှားနိုင်ခဲ့

မွမ်ဘိုင်းရှိ ဆရာဝန်များက ကမ္ဘာ့အကြီးဆုံး ဦးနှောက်အကျိတ်အား အောင်မြင်စွာဖယ်ရှားနိုင်ခဲ့
Published 23 February 2018

ဦးနှောက်အကျိတ်အား ဖယ်ရှားသည့် ခွဲစိတ်မှုခံယူပြီးနောက် တွေ့ရသည့် Santlal Pal (လယ်) (ပုံကြီး)၊ ခွဲစိတ်မှုမတိုင်မီ တွေ့ရစဉ် (ပုံသေး) (Photo: HT)

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ မြို့တော် ဆေးရုံ BYL Nair မှ ခွဲစိတ်ဆရာဝန်များက အသက် ၃၁ နှစ်ရှိ အမျိုးသားတစ်ဦးထံမှ အလေးချိန် ၁ ဒသမ ၈ ကီလိုဂရမ်ရှိသော ကမ္ဘာ့အကြီးဆုံး ဦးနှောက်အကျိတ်တစ်ခုအား ဖယ်ရှားနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဥတာပရာဒေ့ရှ်ပြည်နယ်မှ ဒေသခံတစ်ဦးဖြစ်သူ Santlal Pal အား ခွဲစိတ်ကုသမှုသည် အလွန်အမင်း စွန့်စားရမှုမြင့်မားသဖြင့် လက်ခံရန် ဗာရာဏသီနှင့် အလာဟာဘတ်တို့ရှိ ဆေးရုံများမှ ငြင်းဆန်ခဲ့ကြပြီးနောက် ၎င်းအား မွမ်ဘိုင်းရှိ ဆေးရုံသို့တင်ပို့ခဲ့ကြခြင်း ဖြစ်သည်။ ယင်းအကျိတ်သည် Pal ၏ ဦးခေါင်းခွံထိပ်မှ ငေါထွက်နေခဲ့ခြင်းဖြစ်သည်။

၎င်း၏ဦးရေခွံအောက်၌ ရောင်ကိုင်းမှု၊ လေးလံနေမှု၊ ခေါင်းကိုက်မှု၊ မျက်စိနှစ်ဖက်စလုံး ကွယ်သွားမှုတို့အား ခံစားနေရသော Pal အား ဖေဖော်ဝါရီ ၁ ရက်တွင် အာရုံကြော ခွဲစိတ်ဌာနသို့ ပို့ဆောင်ခဲ့သည်။ ၎င်း၏ အခြေအနေသည် ဦးခေါင်းတွင် ခေါင်းနှစ်လုံးဖြစ်နေသည်နှင့်တူနေကြောင်း၊ ဦးရေပြားရှိ သွေးကြောများသည်ပင်လျှင် ကွေ့ကောက်လျက် ကျယ်လာခဲ့ကြောင်း၊ လူနာအား ဆေးရုံတင်ချိန်တွင် လုံးဝနီးပါး အမြင်ကွယ်နေပြီဖြစ်ကြောင်း BYL Nair ဆေးရုံမှ အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ ပါမောက္ခ ဒေါက်တာထရီမာတီနက်ကာနီက ပြောကြားခဲ့သည်။ ခွဲစိတ်ဆရာဝန်များသည် လူနာ၏အခြေအနေအား CT နှင့် MRI စကင်များဖြင့် စစ်ဆေးခဲ့ကြသည်။ Pal ၏ ဦးနှောက် အကျိတ်ထံ သွေးထောက်ပံ့မှုအားလေ့လာရန်အတွက် အထူးပြုလုပ်ထားသော CT angiography ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစောပိုင်းလေ့လာမှုအရ ဦးနှောက်အကျိတ်သည် ဦးခေါင်းခွံအရိုးမှတစ်ဆင့် ဦးနှောက် နှစ်ဖက်စလုံးသို့ ပျံ့နှံ့၍ ကြီးထွားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။
ခွဲစိတ်ကုသမှုပြုလုပ်ချိန်တွင် ကြုံတွေ့ ရနိုင်သည့် စွန့်စားရမှုများကို ခွဲစိတ်မှုမတိုင်မီ လူနာနှင့် ၎င်း၏ဆွေမျိုးများအား ရှင်းပြပေးခဲ့ကြောင်း နက်ကာနီက ပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၄ ရက်တွင် ခုနစ်နာရီကြာ ခွဲစိတ်ကုသမှုအတွင်း ဦးနှောက်အကျိတ်အား ဖယ်ရှားနိုင်ခဲ့ကြောင်း၊ လူနာသည် သွေးပုလင်း ၁၁ လုံး လိုအပ်ခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် သုံးရက်အကြာတွင် အသက်ရှူထောက်ကူကိရိယာဖြင့် နေထိုင်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

လူနာအား ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများ အပြန်ပြန်အလှန်လှန် စစ်ဆေးခဲ့ပြီးနောက် ခွဲစိတ်ဆရာဝန်များက ၎င်းတို့သည် ကမ္ဘာ့အကြီးဆုံး ဦးနှောက်အကျိတ်အား ဖယ်ရှားနိုင်ခဲ့သည်ဟု ကောက်ချက်ချခဲ့ကြသည်။ ယင်းမတိုင်မီ ၂၀၀၂ ခုနှစ်တွင် နက်ကာနီသည် အလေးချိန် ၁ ဒသမ ၄ ကီလိုဂရမ်ရှိသော ဦးနှောက်အကျိတ်အား ဖယ်ရှားသည့် ခွဲစိတ်ကုသမှုကို KEM ဆေးရုံ၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent