တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲပိတ်ပွဲသို့ ထရန့်၏သမီးနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်တို့ တက်ရောက်မည်

တောင်ကိုရီးယား အိုလံပစ်ပြိုင်ပွဲပိတ်ပွဲသို့ ထရန့်၏သမီးနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်တို့ တက်ရောက်မည်
Published 23 February 2018

၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်က ကိုရီးယား အထွေထွေ ဆွေးနွေးပွဲတက်ရောက်ရန် နယ်စပ်ကိုဖြတ်သန်းလာသော မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကင်ယောင်ချို (လယ်)နှင့် စစ်သားများအား တွေ့ရစဉ် (Photo: AFP)

တောင်ကိုရီးယားတွင် ယခုသီတင်းပတ်ကုန်၌ကျင်းပမည့် ပြုံချန်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားသို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်၏သမီးဖြစ်သူ အီဗန်ကာနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်တစ်ဦးတို့ က တက်ရောက်မည်ဖြစ်ကြောင်း ဖေဖော်ဝါ ရီ ၂၂ ရက်တွင် သတင်းများက ဖော်ပြခဲ့ကြသည်။

သမ္မတဒေါ်နယ်ထရန့်က ၎င်း၏သမီး အကြီးဆုံးဖြစ်သူနှင့် ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ အီဗန်ကာအား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်လျက် ပြုံချန်သို့သွားရောက်ရန် ပြောကြားခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ အသက် ၃၆ နှစ်ရှိ စီးပွားရေး လုပ်ငန်းရှင်နှင့် မော်ဒယ်ဟောင်းဖြစ်သူ အီဗန်ကာသည် အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အတွင်းဝန် ဆာရာဆန်ဒါးစ်နှင့်အတူ သွားရောက်မည်ဖြစ်ကြောင်း၊ အီဗန်ကာသည် ဆောင်းရာသီ အားကစားကို နှစ်သက်မှုကလည်း ယင်းခရီးစဉ်စေလွှတ်ရခြင်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားကလည်း အာဏာရ အလုပ်သမားပါတီအတွက် ကိုရီးယားဆိုင်ရာ ဆက်ဆံရေးအား ကြီးကြပ်ရသော ထိပ်တန်းဗိုလ်ချုပ်တစ်ဦးဖြစ်သူ ကင်ယောင်ချို ဦးဆောင်လျက် အဖွဲ့ဝင်ရှစ်ဦးပါ ကိုယ်စားလှယ်အဖွဲ့ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စေလွှတ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယား၏ ကိုရီးယားပြန်လည်ပေါင်းစည်းရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကင်ယောင်ချိုက ယင်းပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မှုသည် ပြုံယမ်းက ၎င်းတို့အား ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများစွာ၏ အကန့်အသတ်ရှိမှုကို စမ်းသပ်မှုအား ပြသလိမ့်မည်ဖြစ်သည်။
ကင်ယောင်ချိုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ပိတ်ဆို့အရေးယူမှုစာရင်းများတွင် ထည့်သွင်းမခံခဲ့ရသော်လည်း ဆိုးလ်က မြောက်ကိုရီးယားအား တစ်ဖက်သတ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုစာရင်းတွင် ထည့်သွင်းခံထားရသဖြင့် ပိုင်ဆိုင်မှုများအား ထိန်းချုပ်ခံရမည့်စာရင်းတွင် ပါဝင်နေသည်။ မြောက်ကိုရီးယား သူလျှိုအေဂျင်စီတစ်ခုဖြစ်သော Reconnaissance General Bureau ကို တစ်ချိန်က ဦးဆောင်ခဲ့ဖူးသည့် ကင် ယောင်ချိုသည် ၂၀၁၀ ပြည့်နှစ်တွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသော တောင်ကိုရီးယား၏ အပေါ့စားစစ်သင်္ဘော Cheonan အား တော်ပီဒိုဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုအား ညွှန်ကြားခဲ့သူဖြစ်သည်။ ထို့ပြင် ယင်းနှစ်တွင်ပင် လူလေးဦးသေဆုံးခဲ့ရသည့် ယုံပြောင်ကျွန်းစုသို့ မြောက်ကိုရီးယား၏ အမြောက်များဖြင့်ပစ်ခတ်မှုများနှင့်ပတ်သက်၍လည်း ၎င်းသည် ဆက်နွှယ်မှုရှိသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အီဗန်ကာသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် မွန်းနှင့်အတူ ညစာစားရန် စီစဉ်ထားပြီး မွန်းသည် ပြုံယမ်းကိုယ်စားလှယ်အဖွဲ့အား ၎င်းတို့၏ သုံးရက်ကြာခရီးစဉ်အတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု တောင်ကိုရီးယားသမ္မတ အိမ်ပြာတော်အား ကိုးကား၍ ယွန်ဟပ်သတင်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ သို့သော် အီဗန်ကာနှင့် မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့အကြား ဖြစ်နိုင်ခြေရှိသော တွေ့ဆုံမှုများအား အမေရိကန်အစိုးရ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးနှင့် တောင်ကိုရီးယား အစိုးရသတင်းရင်းမြစ်တို့က ပယ်ချထားသည်။

Most Read

Most Recent