၂၀၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့် ၁၃၀ ရရှိ

၂၀၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံ အဆင့် ၁၃၀ ရရှိ
Published 22 February 2018

ဖေဖော်ဝါရီ ၂၁ ရက်က Transparency International ဝက်ဘ်ဆိုက်၌ နိုင်ငံအလိုက် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းကို ဖော်ပြထားစဉ် (Photo: Transparency International)

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့ Transparency International က ၂၀၁၇ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အညွှန်းကိန်းကို ဖေဖော်ဝါရီ ၂၁ ရက်က ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် အမှတ် ၃၀ ရရှိပြီး နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၀ ၌ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၆ ခုနှစ်က အဆင့် ၁၃၆ ၌ ရှိခဲ့သောကြောင့် ယခုနှစ်တွင် အဆင့်ခြောက်ဆင့် မြင့်တက်လာသည်ဟု ဆိုနိုင်သည်။

TI အဖွဲ့၏ ယခုနှစ် ထုတ်ပြန်မှုသည် ၎င်းတို့အဖွဲ့၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လည်းဖြစ်သည်။ ၎င်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်လွှားတွင် ခြစားမှုတိုက်ဖျက်ရေး ကြိုးပမ်းမှုများ ပြုလုပ်နေကြသော်လည်း နိုင်ငံအများစုသည် ကြိုးပမ်းအားထုတ်မှု လွန်စွာနှေးကွေးလျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သည့်ခြောက်နှစ်အတွင်း နိုင်ငံပေါင်းများစွာတို့၌ တိုးတက်မှု မရှိသလောက် နည်းပါးခဲ့သည်ဟုဆိုသည်။

TI ၏ လေ့လာသုံးသပ်မှုအရ စာနယ်ဇင်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) များကို ကာကွယ်စောင့်ရှောက်မှု အနိမ့်ဆုံးနိုင်ငံများသည် အကျင့်ပျက်ခြစားမှုနှုန်း အမြင့်မားဆုံး ဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။

ယခုနှစ် အညွှန်းကိန်းတွင် အကျင့်ပျက်ခြစားမှု အနည်းအဆုံးအဖြစ် ထိပ်ဆုံးရရှိသော နိုင်ငံများမှာ နယူးဇီလန်၊ ဒိန်းမတ်၊ ဖင်လန်၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့် စင်ကာပူတို့ဖြစ်ကြသည်။

TI က ထုတ်ပြန်သည့် ၂၀၁၇ ခုနှစ် အညွှန်းကိန်းသည် ကျွမ်းကျင်ပညာရှင်များ၏ လေ့လာသုံးသပ်ချက်များနှင့် လုပ်ငန်းရှင်တို့၏ အမြင်များ အပါအဝင် စစ်တမ်းကောက်ယူမှု ၁၃ ခုအပေါ် အခြေခံထားပြီး ခြစားမှု အမြင့်ဆုံးအဖြစ် သုံညဟုသတ်မှတ်ပြီး ခြစားမှု အကင်းစင်ဆုံးအဖြစ် ၁၀၀ ဟု သတ်မှတ်ထားသည်။

၎င်းအပြင် World Justice Project က ထုတ်ပြန်သည့် ၂၀၁၇-၂၀၁၈ တရားဥပဒေစိုးမိုးမှု အညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် အမှတ် ၀ ဒသမ ၄၂ ဖြင့် နိုင်ငံပေါင်း ၁၁၃ နိုင်ငံအနက် အဆင့် ၁၀၀ ၌ရှိကြောင်း သိရသည်။

Ref :TI

Most Read

Most Recent