အင်ဒိုနီးရှားရှိ ဆီနာဘန်မီးတောင်မှ မီးခိုးနှင့်ပြာအမြောက်အမြား မှုတ်ထုတ်နေ

အင်ဒိုနီးရှားရှိ ဆီနာဘန်မီးတောင်မှ မီးခိုးနှင့်ပြာအမြောက်အမြား မှုတ်ထုတ်နေ
Published 20 February 2018

ဖေဖော်ဝါရီ ၁၉ ရက်က မြောက်ဆူမတ်တြားရှိ ကာရိုမြို့တွင် ဆီနာဘန်မီးတောင်မှ ပြာမှုတ်ထုတ်နေမှုအား တွေ့ရစဉ် (Photo: AFP)

အင်ဒိုနီးရှားနိုင်ငံတွင် ဖေဖော်ဝါရီ ၁၉ ရက်က မီးတောင်တစ်လုံးပေါက်ကွဲခဲ့ပြီး များပြားလှသည့် မီးခိုးနှင့် ပြာများကို လေထုထဲသို့ မီတာ ၅၀၀၀ (၁၆၄၀၀ ပေ) အမြင့်အထိ မှုတ်ထုတ်နေခဲ့ကြောင်း သိရသည်။ ယင်း ကြောင့်ဒေသတွင်းမှ ကျေးရွာများအားလုံး အပျက်အစီးများဖြင့် ဖုံးလွှမ်းခဲ့ပြီး အစိုးရဝန်ထမ်းများမှာလည်း ဒေသခံများကို မျက်နှာ အဖုံးအကာများပေးရန် အပြင်းအထန် ကြိုးပမ်းခဲ့ရသည်။

ဆူမတ်တြားကျွန်းပေါ်မှ ဆီနာဘန်မီးတောင်သည် ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်လှုပ်ရှားနေခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်က လူသေဆုံးမှုများသော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဆီနာဘန်မီးတောင်သည် ပြီးခဲ့သည့်ရက်များအတွင်းက လှုပ်ရှားနေခဲ့ပြီးနောက် ထူထဲသည့်မီးခိုးများကို မှုတ်ထုတ်ခဲ့ခြင်းဖြစ်သည်။

“ဒါဟာ ဒီနှစ်အတွင်းမှာ ဆီနာဘန်မီးတောင်ရဲ့ အကြီးမားဆုံးပေါက်ကွဲမှု  ဖြစ်ပါတယ်” ဟု မီးတောင်ဌာနမှအကြီးအကဲဖြစ်သူ ကတ်စ်ဘာနီက ပြောကြားခဲ့သည်။

မီးတောင်ဝန်းကျင်၌ ကြေညာထားသော မသွားရဇုန်ထဲတွင် နေထိုင်သူ တစ်စုံတစ်ဦးမျှ မရှိခဲ့ပေ။ သို့သော်လည်း ထိုအန္တရာယ်ဇုန်၏ အပြင်ဘက်တွင်ရှိသော နေအိမ် ရာပေါင်းများစွာသည် မီးတောင်ပြာများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

အစိုးရဝန်ထမ်းများမှာမူ မျက်နှာအဖုံးအကာများ လိုက်လံဝေငှပေးခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများမဖြစ်ပွားစေရန် ဒေသခံများကို နေအိမ်ထဲမှာပင် နေထိုင်ရန် တိုက်တွန်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းချုပ် ရေးဒေသတွင်းအေဂျင်စီမှ အရာရှိဖြစ်သူ နာတာနေးလ်မီရန်ဂျင်-အန်ဂျင်က ဆိုသည်။

အချို့ရွာတွေမှာဆိုရင် မီးတောင် ပေါက်ကွဲပြီးနောက်မှာ မြင်နိုင်တဲ့အကွာအဝေးဟာ ငါးမီတာသာသာလောက်ပဲရှိပါတယ်။ လုံးဝပိန်းပိတ်အောင် မည်းနေခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဆီနာဘန်မီးတောင်သည် နှစ်ပေါင်း ၄၀၀ ကျော်ငြိမ်သက်နေခဲ့ပြီးမှ ၂၀၁၀ ပြည့် နှစ်ကမှ ပြန်လည်အသက်ဝင်လာခြင်းဖြစ်သည်။ ထို့နောက် လှုပ်ရှားမှု ခဏကြာပြန်လည်ငြိမ်သက်သွားခဲ့ပြန်ပြီးကာမှ ၂၀၁၃ ခုနှစ်တွင် ပေါက်ကွဲမှုဖြစ်ခဲ့သည်။ ထိုအချိန်ကတည်းကစ၍ ဆီနာဘန်မီးတောင်ကြီးမှာ ယခုအချိန်အထိ အသက်ဝင်လှုပ်ရှားနေခဲ့ ခြင်းဖြစ်သည်။၂၀၁၄ ခုနှစ်က ပေါက်ကွဲမှုတွင် သေဆုံးသူ ၁၆ ဦးရှိခဲ့ကာ ၂၀၁၆ ခုနှစ် က ပေါက်ကွဲမှုတွင်မူ သေဆုံးသူ ခုနှစ်ဦးရှိခဲ့သည်။

 

Most Read

Most Recent