မလေးရှားမှ လန်ကာဝီကျွန်းတွင် ကေဘယ်ကားမတော်တဆမှုဖြစ်ပွားခဲ့ရာ လူရာပေါင်းများစွာ သောင်တင်

မလေးရှားမှ လန်ကာဝီကျွန်းတွင် ကေဘယ်ကားမတော်တဆမှုဖြစ်ပွားခဲ့ရာ လူရာပေါင်းများစွာ သောင်တင်
Published 20 February 2018

၂၀၁၆ ခုနှစ် မတ် ၂၈ ရက်က မလေးရှားရှိ လန်ကာဝီကျွန်းတွင် လန်ကာဝီ ကေဘယ်ကားတစ်စီအား တွေ့ရစဉ် (Photo: AFP)

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းတွင် ကေဘယ်ကားတစ်စီး ပျက်သွားခဲ့ပြီးနောက် ခရီးသွားရာနှင့်ချီ၍ သောင်တင်မှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။

ခရီးသွားအစီးများသော ထိုကေဘယ်သွယ်တန်းမှုတွင် ယခုကဲ့သို့ မှားယွင်းမှုဖြစ်သွားခဲ့သဖြင့် အနောက်နိုင်ငံသားများ၊ တရုတ်များ အပါအဝင် ခရီးသွား ၁၀၀၀ ကျော် နှင့်အတူ ကေဘယ်ကားဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် ဖေဖော်ဝါရီ ၁၈ ရက် ညပိုင်းက သောင်တင်ခဲ့ကြသည်ဟု အစိုးရအရာရှိများက ပြောကြားခဲ့သည်။

ပျက်၍ ရပ်တန့်သွားစဉ်က ထိုကေဘယ်ကားထဲတွင် လူ ၉၀ နီးပါးရှိနေခဲ့သည်ဟု သိရသည်။ အဆိုပါကေဘယ်ကား ဝန်ဆောင်မှုသည် လန်ကာဝီကျွန်း၏ ဒုတိယအမြင့်ဆုံးနေရာမှ သွယ်တန်းထားခြင်းဖြစ်သဖြင့် အုန်းပင်များဖြင့်ပြည့်နေသော မြင်ကွင်းကျယ် ရှုခင်းကို ရှုမြင်နိုင်မည်ဖြစ်သည်။

သောင်တင်နေသူများအနက် အများအပြားမှာ မီတာ ၇၀၀ (ပေ ၂၃၀၀) မြင့်သော  မာချင်ချန်းတောင်ပေါ် သို့မဟုတ် လမ်းတစ် ဝက်ရှိ စခန်းတွင် ဖြစ်ကြသည်။တောင်ထိပ်နားတွင် ကေဘယ်ကားတစ်စီးရပ်တန့်နေသည့်ပုံကို Twitter အသုံးပြုသူ Pricillia ဆို သူကတင်ခဲ့ကာ အဆိုးရွားဆုံးအတွေ့အကြုံ ဟုလည်း ရေးသားခဲ့သည်။

လမ်းလယ်တွင်ရပ်နေသည့် ကေဘယ်ကားသည် သုံးနာရီကြာအောင် တွဲလောင်း အခြေအနေတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ထို့နောက်မှ ကယ်ဆယ်ရေးသမားများ ရောက်ရှိလာကြကာ ဒေသစံတော်ချိန် ည ၉ နာရီ တွင် ကေဘယ်ကားထဲမှလူများကို အောက်သို့ ချပေးနိုင်ခဲ့ကြသည်။ ကေဘယ်ကားသွယ်တန်းမှုကိုမူ ည ၁၁ နာရီ အချိန်တွင်ပြင်ဆင်ပြီး သွားခဲ့ကာ ပျက်သွားခဲ့သည့် ဘယ်ယာရင်အပိုင်းကို အစားထိုးလဲလှယ်ခဲ့ကြောင်း သိရသည်။

ထိုအချိန်ကျမှ တောင်ပေါ်တွင် သောင်တင်နေသည့် ခရီးသွားနှင့်အလုပ်သမားများကို အသုတ်လိုက်ချနိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုကယ်ဆယ်ရေးလုပ်ငန်းများမှာ ည သန်းခေါင်ကျော်မှ ပြီးစီးခဲ့ပြီးဒဏ်ရာရသူ မရှိခဲ့ပေ။

“လူတွေဟာ စိတ်လှုပ်ရှားနေကြပြီး မီးသတ်သမားတွေလာတာကို မြင်ရတဲ့အချိန်မှ လက်ခုပ်လက်ဝါးတီးပြီး ပြုံးနိုင်ကြတာ ဖြစ်ပါတယ်” ဟု လန်ကာဝီမီးသတ်နှင့် ကယ်ဆယ်ရေးအကြီးအကဲဖြစ်သူ မိုဟာမက်ဟစ်ဟမ်အီဘရာဟင်က ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်က စတင်ခဲ့သည့် ထိုကေဘယ်ကားဝန်ဆောင်မှုမှာ ကမ္ဘာပေါ်တွင်အမတ်စောက်ဆုံးကေဘယ်ကားများထဲမှ တစ်ခုဖြစ်သည်ဟု အမွှမ်းတင်ထားခြင်းဖြစ်သည်။ ယခုဖြစ်စဉ်သည် ထိုနေရာတွင် ဖြစ်ပွားခဲ့သည် အခြေအနေအဆိုးဆုံး မတော်တဆမှုတစ်ခုဖြစ်သွားခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးကို စုံစမ်းသွားမည်ဟု အော်ပရေတာက ကတိပေးခဲ့သည်။

မလေးရှားနိုင်ငံမြောက်ပိုင်း အနောက်ဘက်ကမ်းရိုးတန်း၏ ကမ်းလွန်ပင်လယ်ပြင်တွင်ရှိသော လန်ကာဝီသည် ယင်း၏ မပျက်စီးသေးသော ကမ်းခြေများ၊တောတောင်များကြောင့် ပြည်တွင်းပြည်ပခရီးသွားအမြောက်အမြားကို ဆွဲဆောင်ထားနိုင်သည်။ မာချင် ချန်းတောင်သည် မလေးရှား၏နာမည်ကျော် ကေဘယ်ကားရှိသည့်နေရာဖြစ်ပြီး ပင်လယ် ရေမျက်နှာပြင်အထက် ၇၀၈ မီတာအထိ အမြင့်မှနေ၍ ကေဘယ်ကားများကို ပြေးဆွဲမှုအတွက် ထင်ရှားသည်။

 

Most Read

Most Recent