ဖောက်ခွဲမှုကြောင့် စစ်သားလေးဦး ဒဏ်ရာရပြီးနောက် အစ္စရေးက ဂါဇာကို ဗုံးကြဲတိုက်ခိုက်

ဖောက်ခွဲမှုကြောင့် စစ်သားလေးဦး ဒဏ်ရာရပြီးနောက် အစ္စရေးက ဂါဇာကို ဗုံးကြဲတိုက်ခိုက်
Published 19 February 2018

ဝက်စ်ဘင့်တွင် ဖြစ်ပွားသည့် အချင်းများမှုတစ်ခုအတွင်း ပါလက်စတိုင်းဆန္ဒပြသူများကို လက်နက်များဖြင့် ချိန်ရွယ်ထားသည့် အစ္စရေးစစ်သားများကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (Photo: AFP)

အစ္စရေး-ပါလက်စတိုင်းနယ်စပ်၌ ဗုံးခွဲမှုဖြစ်ဖွယ်ရှိသည့် ဖောက်ခွဲတိုက်ခိုက်မှုတစ်ခုကြောင့် အစ္စရေးစစ်သားလေးဦး ဒဏ်ရာသွားခဲ့သည်။ ယင်းဖြစ်စဉ်ပြီးနောက် အစ္စရေးဘက်မှ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်းနှစ်ဦး သေဆုံးခဲ့ကြောင်း ဂါဇာမှ ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

နယ်စပ်မှ ဖောက်ခွဲမှုမှာ ဖေဖော်ဝါရီ ၁၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် အစ္စရေးတို့၏လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်စဉ်များသည် ၂၀၁၄ ခုနှစ် စစ်ပွဲနောက်ပိုင်း ဟားမားတို့အုပ်ချုပ်သည့် ပါလက်စတိုင်းဒေသထဲတွင် အပြင်းထန်ဆုံး တင်းမာမှုများ မြင့်တက်လာခြင်းကို ဖော်ညွှန်းမှုတစ်ခု ဖြစ်လာသည်။

ဖောက်ခွဲမှုဖြစ်ပွားပြီးနောက် လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း ဟားမားအကြမ်းဖက် အဖွဲ့အစည်းများ ပိုင်ဆိုင်သည့် ပစ်မှတ် ၁၈ ခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ပါလက်စတိုင်းဘက်မှ ပြန်လည်ထုတ်ပြန်ချက်ထဲတွင် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမားတို့ပိုင်သည့် အခြေစိုက် စခန်းသုံးခု ထိမှန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ဖောက်ခွဲမှုအတွင်း ဒဏ်ရာရသွားသည့် အစ္စရေးစစ်သားလေးဦးမှာမူ အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု သိရသည်။

ဂါဇာကမ်းမြှောင်ဘက်မှ အစ္စရေးနယ်နိမိတ်ထဲသို့ ဒုံးကျည်ပစ်ခတ်မှုတစ်ခုလည်း ဖြစ်ပွားခဲ့သေးကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။ ယင်းဒုံးကျည်ကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ရသည်။

ဖေဖော်ဝါရီ ၁၇ ရက်မှာပင် အရှေ့ဘက် ရာဖာနှင့် တောင်ပိုင်းဂါဇာဒေသတို့တွင် အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်းနှစ်ဦးသည် အစ္စရေးတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်ကမူ ပါလက်စတိုင်း တချို့သည် နယ်စပ်သို့ သံသယရှိဖွယ်ပုံစံနှင့် ချဉ်းကပ်လာကြသဖြင့် သတိပေး ပစ်ခတ်လိုက်သည်ဟု ထုတ်ပြန်ခဲ့သည်။

မြူးနစ်တွင် လုံခြုံရေးညီလာခံတစ်ခု တက်ရောက်ရန် ရောက်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဂါဇာနယ်စပ်အရေးသည် အလွန်ပြင်းထန်နေပြီဖြစ်ပြီး သင့်တော်သလို တုံ့ပြန်သွားမည်ဟု ထိုလုံခြုံရေးညီလာခံတွင် ကတိပြုခဲ့သည်။

ဟားမားနှင့် အစ္စရေးတို့ကြားတွင် ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ ဖေဖော်ဝါရီလအစောပိုင်းက ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ဟားမားစခန်းများသည် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ထပ်တလဲလဲခံခဲ့ရသည်။ အစ္စရေးက ၎င်းတို့နယ်နိမိတ်ထဲသို့ ပါလက်စတိုင်းများက ဒုံးကျည်တစ်စင်းပစ်လိုက်သဖြင့် ယင်းကဲ့သို့ လက်တုံ့ပြန်တိုက်ခိုက်ရသည်ဟု ဆိုသည်။

ပါလက်စတိုင်းတို့ဘက်မှလာသော မည်သည့်ပစ်ခတ်မှုမဆို ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ ဟားမားတို့၏ လက်ချက်ဖြစ်ကြောင်း အစ္စရေးက ယုံကြည်ထားသည်။

ဂျေရုဆလင်သည် အစ္စရေး၏မြို့တော်ဟု ဒေါ်နယ်ထရန့်က သတ်မှတ်လိုက်ပြီးနောက်ပိုင်း အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြားမှ တင်းမာမှုများမှာ တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ နေတန်ယာဟုမှာမူ ရှေ့လတွင် အိမ်ဖြူတော်သို့ သွားရောက်လိမ့်မည်ဟု သိရသည်။

Ref: AFP

Most Read

Most Recent