အာဖဂန်ကို ပိုမိုအားထုတ်၍ ကူညီကြရန် အိန္ဒိယနှင့် အီရန်တို့ သဘောတူ

အာဖဂန်ကို ပိုမိုအားထုတ်၍ ကူညီကြရန် အိန္ဒိယနှင့် အီရန်တို့ သဘောတူ
Published 19 February 2018

အာဖဂန်မြို့တော် ကဘူးတွင် ဗယ်လင်တိုင်းနေ့အား ဆင်နွှဲရန် ပန်းစည်းနှင့် ဘောလုံးများ ရောင်းချနေသော ဆိုင်တစ်ဆိုင်ကို ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ရစဉ် (Photo: AFP)

စစ်ကြောင့် ပျက်စီးနေသည့် အာဖဂန်နစ္စတန်ထဲသို့ တည်ငြိမ်မှုများ ဆောင်ကြဉ်းရန် ပိုမိုအားထုတ်ရေးအတွက် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီနှင့် အီရန်သမ္မတ ဟက်ဆန်ရိုဟာနီတို့က ဖေဖော်ဝါရီ ၁၇ ရက်တွင် သဘောတူညီခဲ့ကြသည်။

အီရန်သမ္မတရိုဟာနီသည် အိန္ဒိယသို့ သုံးရက်ကြာ လာရောက်ခဲ့ပြီး နောက်ဆုံးရက်၌ နယူးဒေလီတွင် မိုဒီနှင့် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲအပြီးတွင် အာဖဂန်ကို ငြိမ်းချမ်း၊ လုံခြုံ၊ တည်မြဲ၊ ပေါကြွယ်ဝကာ လူမျိုးပေါင်းစုံ နေထိုင်နိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရန် ကူညီပေးမည့် အိန္ဒိယ၏ကတိကို မိုဒီက ထပ်မံပြောကြားခဲ့သည်။

သို့သော် စစ်သွေးကြွများကို တိုက်ထုတ်ရန် အာဖဂန်အစိုးရသို့ လက်နက် သို့မဟုတ် ငွေကြေးများပံပိုးခြင်း လုပ်မလုပ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မဖော်ပြခဲ့ပေ။

“အကြမ်းဖက်မှု၊ အစွန်းရောက်မှု၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ဆိုက်ဘာ ရာဇဝတ်မှု အစရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အားပေးနေတဲ့ အင်အားစုတွေ ကြီးထွားလာတာကိုရပ်တန့်ဖို့ ကျွန်တော်တို့ရဲ့ ဘုံအကျိုးစီးပွားကိုကြည့်ပြီး ကတိပြုလိုက်တာ ဖြစ်ပါတယ်” ဟု မိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယသည် အာဖဂန်နစ္စတန် အစိုးရကို အဓိကထောက်ပံ့နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ အာဖဂန်တွင် တာလီဘန်အစိုးရ ပြုတ်ကျပြီးကတည်းက အာဖဂန်သို့ အိန္ဒိယကပေးခဲ့သည့် အကူအညီတန်ဖိုးမှာ နှစ်ဘီလျံကျော်သွားပြီ ဖြစ်သည်။

ထို့ပြင် အိန္ဒိယသည် အီရန်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များကို အများအပြား ဝယ်ယူသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။ အီရန်သည် ၎င်း၏ နျူကလီးယားစီမံကိန်းများကြောင့် ၂၀၁၂ မှ ၂၀၁၆ ခုနှစ် ကာလအတွင်း နိုင်ငံတကာ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရချိန်မှာပင် အိန္ဒိယနှင့် ကုန်သွယ်ရေးဆက်ဆံမှု မပြတ်ခဲ့ပေ။ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးရန်အတွက် မဟာဗျူဟာကျသည့် အီရန်၏ ချာဘာဟာဆိပ်ကမ်းချဲ့ထွင်ရန် အိန္ဒိယ၊ အီရန်၊ အာဖဂန် နစ္စတန်တို့ သုံးနိုင်ငံတို့သည် ၂၀၁၆ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

Ref: AFP

Most Read

Most Recent