ပြိုင်ဘက်များ၏ အသံထက်မြန်သောဒုံးများအား တန်ပြန်နိုင်ရန် အမေရိကန်က ကြိုးပမ်းနေ

ပြိုင်ဘက်များ၏ အသံထက်မြန်သောဒုံးများအား တန်ပြန်နိုင်ရန် အမေရိကန်က ကြိုးပမ်းနေ
Published 18 February 2018

X- 51 A Waverider ကို အမေရိကန်လေတပ်က သရုပ်ဖော်ထားသည့် ဓာတ်ပုံ

မြောက်ကိုရီးယား၏ အလျင်အမြန်မြင့်တက်လာနေသော ဒုံးစီမံကိန်းအား တန်ပြန်နိုင်ရန် ကာကွယ်ရေးစနစ်များအတွက် ပင်တဂွန်က အပူတပြင်းလုံးပမ်းနေရသည့် တစ်ချိန်တည်း၌ မျိုးဆက်သစ်ဒုံး ခြိမ်းခြောက်မှုအား တန်ပြန်နိုင်ရန် အမေရိကန်တာဝန်ရှိသူများက အာရုံစိုက်မှု တိုးမြှင့်ခဲ့ကြသည်။ အမေရိကန်အပြင် တရုတ်နှင့်ရုရှားတို့ကလည်း တည်ဆောက်နေကြသည့် ယင်းလက်နက်များသည် အသံထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်ပြီး ပုံမှန်ဒုံးခွင်း စနစ်များအား ကျော်ဖြတ်နိုင်ရန် ဖန်တီးထားကြသည်။

အသံထက်မြန်သော ဒုံးများသည် ပျံသန်းမှုလမ်းကြောင်းအား ပြောင်းလဲနိုင်ပြီး သမားရိုးကျဒုံးများကဲ့သို့ ကြိုတင်ခန့်မှန်းနိုင်သော အဝေ့အဝိုက်အတိုင်းမသွားသဖြင့် ယင်းဒုံးများအား ခြေရာခံရန်နှင့် ကြားဖြတ်ပစ်ချရန် အလွန်အမင်းခက်ခဲမည် ဖြစ်သောကြောင့် အနာဂတ်စစ်ပွဲ မျက်နှာစာကို ပြောင်းလဲပစ်နိုင်သည်။

“တရုတ်ရဲ့ အသံထက်မြန်တဲ့ လက်နက်တွေ တည်ဆောက်မှုတွေက ကျွန်တော်တို့ထက် တစ်ပန်းသာ နေပြီ။ ကျွန်တော်တို့ နောက်ကျန်နေခဲ့ပြီ” ဟု အမေရိကန်၏ ပစိဖိတ်ကွပ်ကဲတပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဟာရီဟားရစ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ဥပဒေပြုအမတ်များအား သတိပေးခဲ့သည်။ တရုတ်၏ အသံထက် မြန်သောလက်နက်များအား ဟန့်တားရန်နှင့် အသံထက်မြန်သော ကိုယ်ပိုင်လက်နက်များ တည်ဆောက်နိုင်ရန် စွမ်းဆောင်ရည်များ ရရှိနိုင်ရန်အတွက် အလွန်အမင်း တက်တက်ကြွကြွ ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွက် ဒုံးခွင်းစနစ်အေဂျင်စီ (MDA) က တောင်းခံခဲ့သည့် အဆိုပြုအသုံးစရိတ် ဒေါ်လာ ၉ ဒသမ ၉ ဘီလျံတွင် အသံထက်မြန်သော ဒုံးခွင်းစနစ်များ တည်ဆောက်ရန်နှင့် အသံထက်မြန်သော လက်နက်များ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်ရန်အတွက် ဒေါ်လာသန်း ၁၂၀ ကို တောင်းခံခဲ့သည်။ လေယာဉ်များ၊ သင်္ဘောများ၊ ရေငုပ်သင်္ဘောများမှ ပစ်ခတ်နိုင်ပြီး နျူကလီးယား သို့မဟုတ် သမားရိုး ကျထိပ်ဖူးများ တပ်ဆင်ပစ်လွှတ်နိုင်သည့် အမေရိကန် ပြိုင်ဘက်များ၏ အသံထက်မြန်သောလက်နက်များ ချထားနိုင်သည့် အလားအလာသည် အမေရိကန်၏ အာရုံခံစနစ်နှင့် ဒုံးကြား ဖြတ်ပစ်ချသည့်စွမ်းရည်များတွင် ကြီးမားသော ကွာဟချက် ဖြစ်စေနိုင်ကြောင်း MDA ၏ စစ်ဆင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂါရီပင့်နက်က ယခုသီတင်းပတ်တွင် ပင်တဂွန်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

အမေရိကန်၏အမျိုးသားလုံခြုံရေး၊ အမေရိကန်မိတ်ဆွေများနှင့် မဟာမိတ်များ၏ လုံခြုံရေးတို့အတွက်   အဓိကစိန်ခေါ်မှုတစ်ရပ်မှာ ရှိရင်းစွဲ ပဲ့ထိန်းဒုံးခွင်းစနစ်အား ကျော်လွှားနိုင်ရန် ဖန်တီးထားသော လက်နက်သစ်များ ထွက်ပေါ်လာမှုဖြစ်ကြောင်း ပင့်နက်က ပြောကြားခဲ့သည်။

ဘာကြောင့် ရုတ်တရက် တပ်လှန့်ခဲ့ရသလဲ   

ဂျပန်အခြေစိုက် Diplomat မဂ္ဂဇင်းတွင် ဖော်ပြခဲ့မှုများအရ တရုတ်သည် DF - 17 ဟုခေါ်သော အသံထက်မြန်သည့် ဒုံးသစ်တစ်မျိုးအား တည်ဆောက်ခဲ့ပြီး ပြီးခဲ့သောနှစ်တွင် စမ်းသပ်ခဲ့သည်ဟုဆိုသည်။ တရုတ်သည် အသံထက်မြန်သော စက်မဲ့ယာဉ်တစ်မျိုးကိုလည်း စမ်းသပ်ခဲ့ကြောင်း အမေရိကန်အမျိုးသား ထောက်လှမ်းရေးရုံးက ယခုသီတင်းပတ်တွင် ဖော်ပြခဲ့သည်။

ရုရှားသည်လည်း Zircon ဟုခေါ်သည့် အသံထက်မြန်သည့် လက်နက်တစ်မျိုးကို တည်ဆောက်နေသည်ဟု ယုံကြည်ရသည်။ ရုရှားမီဒီယာ Tass တွင် ဖော်ပြမှုအရ ယင်းလက်နက်များအား ယခုနှစ်၌ အစဉ်လိုက် ထုတ်လုပ်ရန်ရှိကြောင်းလည်း သိရသည်။

တစ်စက္ကန့်လျှင် တစ်မိုင်

အသံထက်မြန်သော လက်နက်များအား ပင်တဂွန်က သတိပေးနေသော်လည်း အမေရိကန်ကိုယ်တိုင်ကလည်း ယင်းနည်းပညာကို တည်ဆောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် စမ်းသပ်ခဲ့သော  X- 51 A Waverider ခရုဇ်ဒုံးသည်  Mach အသံ၏ အမြန်နှုန်းအဆဖြင့် အလျင်ကို တိုင်းတာမှု) ၆ ထက် ပိုမြန်ပြီး သွားနိုင်ကြောင်း အမေရိကန် လေတပ်က ထုတ်ပြန်ခဲ့သည်။ ယင်းနှုန်းသည် တစ်နာရီလျှင် မိုင် ၃၆၀၀ နှုန်းရှိပြီး တစ်စက္ကန့်လျှင် တစ်မိုင် နှုန်းထက်များစွာ ပိုနေသည်။

တရုတ်က အသံထက်မြန်သော ဒုံးစီမံကိန်းများ ပိုမိုတိုးတက်စေနိုင်သည့်အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ တရုတ်သည် အမေရိကန်နှင့် ရုရှားတို့ လက်မှတ်ထိုးခဲ့သည့် ဒုံးခွင်းစနစ်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်ခဲ့ခြင်းမရှိမှုဖြစ်သည်။ ၁၉၈၇ ခုနှစ်ကရရှိခဲ့သေ Intermediate Nuclear Forces (INF) သဘောတူညီချက်သည် မြေပြင်ပစ်တာတိုနှင့် တာလတ်ပစ်ဒုံးများအား ပိတ်ပင်ထားသည်။ တရုတ်၏မြေပြင် ပစ်ဒုံးများ၏ရာခိုင်နှုန်း ၉၀ ကျော်သည် ယခုအခါ တရုတ်က INF သို့ ဝင်လျှင်ပင် အကျုံးဝင်မည် မဟုတ်ကြောင်း ဟားရစ်က ပြောကြားခဲ့သည်။

MDA အသုံးစရိတ်၏ အများအပြားအား လတ်တလောတွင် ရှိရင်းစွဲ ဒုံးခွင်းစနစ်များကို အဆင့်မြှင့်ရန်အတွက်သာ ဆက်လက်သုံး စွဲသွားမည်ဖြစ်သည်။ မျိုးစုံသော အာရုံခံစနစ်များနှင့် ရေဒါများသည် ပစ်မှတ်တစ်ခုထံ အရှိန်ဖြင့်ဝင်ရောက်လာသည့် ဒုံးများအား ခြေရာခံနိုင်ပြီး ယင်းနောက် ဒုံးခွင်းစနစ်များက ပစ်ချမည်ဖြစ်သည်။

Ref ; AFP

Most Read

Most Recent