<

အမေရိကန်က တရားစွဲခဲ့သူများထဲတွင် ပူတင်၏ စားဖိုမှူးလည်း ပါဝင်

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က မော်စကိုအပြင်ဘက်ရှိ စားသောက်ဆိုင်တစ်ဆိုင်၌ ရုရှားသမ္မတပူတင် ညစာစားရန် ပရီဂိုချင်က ပြင်ဆင်ပေးနေစဉ် (Photo – AP)

ချမ်းသာကြွယ်ဝသော ရုရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ဗလာဒီမာပူတင်၏ အရေးပေးမှုကို အစာအိမ်မှတစ်ဆင့် ရရှိထားသည့် ၎င်းကို ပူတင်၏စားဖိုမှူးဟူ၍ သိထားကြသည်။

၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ နိုင်ငံရေးခံယူချက်များ ယိမ်းစေရန် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းအားထုတ်မှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်မှုဖြင့် ရုရှားမှ လူပုဂ္ဂိုလ်၁၃ ဦးနှင့် အဖွဲ့အစည်းသုံးခုကို အမေရိကန်အစိုးရသည် ဖေဖော်ဝါရီ ၁၆ ရက်က စွဲချက်တင်ခဲ့သည်။ ထိုတရားစွဲခံရသူများထဲတွင် ပူတင်၏ စားဖိုမှူးဖြစ်သော ယေ့ဂေးညီ ပရီဂိုချင်လည်း တစ်ဦးအပါအ၀င် ဖြစ်သည်။

စွဲချက်တွင် ဖော်ပြချက်အရ ပရီဂိုချင်နှင့် ၎င်း၏ ကုမ္ပဏီများသည် အင်တာနက်သုတေသနပြု ရေးအေဂျင်စီတစ်ခုသို့ ရန်ပုံငွေ အများအပြား ပံ့ပိုးခဲ့သည်ဟု သိရသည်။ စိန့်ပီတာစဘတ်တွင် အခြေစိုက်သည့် ထိုအေဂျင်စီသည် အမေရိကန်သမ္မတရွေးကောက်ပွဲကို လွှမ်းမိုးရေးအတွက် မှားယွင်းသည့် လူမှုမီဒီယာပို့စ်များ၊ ကြော်ငြာများကို အသုံးပြုခဲ့သည်ဟု စွပ်စွဲခံထားရသည်။

“အမေရိကန်တွေက ပုံသွင်းရတာ သိပ်လွယ်တဲ့သူတွေ။ သူတို့ဟာသူတို့ မြင်ချင်တာကို မြင်ကြတာပဲ။ ကျွန်တော့်အနေနဲ့ အမေရိကန်တွေကို လေးလေးစားစား ဆက်ဆံပါတယ်။ အခုလို တရားစွဲခံရတဲ့ စာရင်းထဲမှာပါလို့လည်း စိတ်မဆိုးပါဘူး။ သူတို့အနေနဲ့ မကောင်းဆိုးဝါးကို မြင်လိုတယ်ဆိုလည်း မြင်ပါလေ့စေ” ဟု ပရီဂိုချင်က ပြောကြားခဲ့သည်ကို ရုရှားအစိုးရမီဒီယာဖြစ်သည့် RIA-Novosti တွင် ဖော်ပြခဲ့သည်။

တစ်ချိန်က ဟော့ဒေါ့ပေါင်မုန့်ဆိုင်ငယ်တစ်ဆိုင်၏ ပိုင်ရှင်ဖြစ်ခဲ့သော ပရီဂိုချင်သည်လက်ရှိတွင် စိန့်ပီတာစဘတ်မှ အခမ်းနားဆုံး စားသောက်ဆိုင်ကြီးအချို့၏ ပိုင်ရှင်ဖြစ်နေပြီဖြစ်ကာ ပူတင်၏ အာရုံစိုက်မှုကိုလည်း ရရှိထားသည်။ ပူတင်သည် ၎င်း၏ ပထမသမ္မတ သက်တမ်းအတွင်း ထိုစဉ်က ပြင်သစ်သမ္မတဖြစ်သော ဂျက်ရှီရက်ကိုခေါ်ပြီး ပရီဂိုချင်၏ စားသောက်ဆိုင်များထဲမှ တစ်ဆိုင်တွင် ညစာစားခဲ့သေးသည်။

“ကျွန်တော်ဟာ ဆိုင်လေးတစ် ဆိုင်ဖွင့်ရာကနေ စီးပွားရေးတစ်ခုကို ဘယ်လိုတည်ဆောက်လာသလဲဆိုတာ ဗလာဒီမာပူတင်ရဲ့မျက်မြင်ပါပဲ” ဟု ၎င်းက ဆိုသည်။ ပရီဂိုချင်၏ စီးပွားရေးသည် နှစ်များအတွင်းမှာပင် သိသိသာသာ ကြီးထွားလာခဲ့သည်။

၂၀၁၀ ပြည့်နှစ်က စိန့်ပီတာ စဘတ်အပြင်ဘက်ရှိ ပရီဂိုချင်၏ ကျောင်းနေ့လယ်စာထုတ်လုပ်ရေး  စက်ရုံဖွင့်ပွဲအခမ်းအနားသို့ ပူတင်တက်ရောက်ခဲ့သည်။ ထိုစက်ရုံသည်လည်း အစိုးရဘဏ်တစ်ခုမှ ရထားသော ရက်ရောလှသည့် ချေးငွေများဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ရုရှား၏ မြို့တော်တစ်ခုတည်းမှာပင် ပရီဂိုချင်၏ ကုမ္ပဏီသည် ပုဂ္ဂလိက စာသင်ကျောင်းများကို နေ့လယ်စာပံ့ပိုးရန် ရူဘယ် ၁ ဒသမ ၆ ဘီလျံ (ဒေါ်လာ ၂၇ သန်း) တန်ဖိုးရှိသည့် အဆက်အသွယ်များ ရရှိထားသည်။

ထို့ပြင် ပရီဂိုချင်သည် ကရင်မလင်မှ အခမ်းအနားများတွင် အစားအသောက်ပိုင်းစီစဉ်ပေးခြင်း၊ ရုရှား စစ်တပ်အတွက် အစားအသောက်နှင့် ဘက်စုံဝန်ဆောင်မှုများ ပံ့ပိုးပေးခြင်းတို့ လုပ်ဆောင်ပေးနေသည်မှာ နှစ်အတန်ကြာနေပြီ ဖြစ်သည်။

ရုရှားဖက်ဒရေးရှင်းမှ အကြီးတန်းအရာရှိများကို ဘက်ပေါင်းစုံမှ ပံ့ပိုးမှုဖြင့် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြီးခဲ့သည့် ဒီဇင်ဘာက ပိတ်ဆို့အရေးယူခဲ့သူများထဲတွင် ပရီဂိုချင်လည်း ပါဝင်ခဲ့သည်။ ထို့ပြင် ပရီဂိုချင်သည် ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျယ်ပြန့်သော စီးပွားရေးဆက်နွှယ်မှုရှိသူဟုလည်း ထည့်သွင်းဖော်ပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရူဘယ် ၂၃ ဘီလျံ (ဒေါ်လာ ၃၈၇ သန်း) တန်ဖိုးရှိသော စာချုပ်များ ချုပ်ဆိုနိုင်ရန် ဈေးပြိုင်တင်သွင်းကြရာတွင် ပရီဂိုချင်၏ လုပ်ငန်းများသည် ဈေးကွက်လက်ဝါးကြီးအုပ်မှုအား ဆန့်ကျင်ရေးဥပဒေများကို မည်သို့ချိုးဖောက်ခဲ့ပုံများကို အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီ ဦးဆောင်သည့်ဖောင်ဒေးရှင်းက ယမန်နှစ်က အသေးစိတ် ထုတ်ပြန်ခဲ့သည်။ သို့သော် ပရီဂိုချင်၏ လုပ်ငန်းက အပြစ်ရှိကြောင်း ၀န်ခံခဲ့သည်ဟုဆိုကာ ဈေးကွက်လက် ၀ါးကြီးအုပ်မှု ဆန့်ကျင်ရေးဌာနက အမှုကိုပိတ်ပြီး ဒဏ်ငွေမတပ်ရန် အြံ့သဖွယ်ရာ ဆုံးဖြတ်ခဲ့သည်။

“ပူတင်ဟာ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ယူချင်နေတယ်။ နောက်ပြီး ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ဘတ်ဂျက် အတုံးလိုက်အတစ် လိုက်ကိုသူရဲ့မိတ်ဆွေတွေကို ပေးချင်နေတယ်” ဟု နာဗာညီက ပြောခဲ့သည်။ “တကယ်လို့ ဒီအကြောင်းတွေကို တစ်ယောက်ယောက်က တွေ့သွားပြီး သက်သေပြမယ်ဆိုရင်လည်း အဲဒီသူခိုးတွေအားလုံးအတွက် ဖုံးဖိပေးဖို့ ပူတင်မှာ အထူးအေဂျင်စီတွေ ရှိနေပါသေးတယ်” ဟု နာဗာညီက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲတွင် ရုရှားက ၀င်ရောက်စွက်ဖက်ခဲ့သည်ဆိုသော မကြာခဏစွပ်စွဲ ပြောကြားမှုများကို “ပွစိ ပွစိ ပြောဆိုမှုများ” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပယ်ချခဲ့သည်။

မြူးနစ်လုံခြုံရေးကွန်ဖရင့်တွင် တက်ရောက်ပြောကြားခဲ့သော လက်ရော့ဗ်က “အဖြစ်မှန်တွေကို ကျွန်တော်တို့ မတွေ့မချင်း ဘယ်အရာမဆို အတင်းအဖျင်းပါပဲ” ဟု ပြောကြားခဲ့သည်။

Ref ; AFP

February 18, 2018














Copy Protected by Chetan's WP-Copyprotect.