ခွေးနှစ်ပွဲတော် ပျော်ပွဲရွှင်ပွဲများကို ပေကျင်းမြို့တွင် တိတ်ဆိတ်ငြိမ်သက်စွာ ကျင်းပခဲ့

ခွေးနှစ်ပွဲတော် ပျော်ပွဲရွှင်ပွဲများကို ပေကျင်းမြို့တွင် တိတ်ဆိတ်ငြိမ်သက်စွာ ကျင်းပခဲ့
Published 17 February 2018

ပေကျင်းမြို့လယ်ရှိ ဈေးဝယ်စင်တာအစုအဝေးတစ်ခုအတွင်း ရပ်နေသည့် လုံခြုံရေးအစောင့်တစ်ဦးကို ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (Photo: AFP)

လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးအစီအစဉ်အတွက် ရိုးရာအစဉ်အလာဖြစ်သော မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများပစ်ဖောက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ခဲ့သောကြောင့် ဖေဖော်ဝါရီ ၁၆ ရက်က ခွေးနှစ်ပွဲတော်အတွက် ပျော်ပွဲရွှင်ပွဲများသည် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

မြို့တော်ပေကျင်းတွင် နှစ်သစ်ကူးရောက်ရှိချိန်ကို ကြိုဆိုရန် ပြင်ဆင်ချိန်၌ ရဲတပ်ဖွဲ့ဝင်များက ညလုံးပေါက်ကင်းလှည့်ခဲ့သည်။

“ဒီလိုတိတ်ဆိတ်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ပါဘူး” ဟု မိသားစုအမည် ဝမ်ဟုသိရသော ပေကျင်းမြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

ဗြောက်အိုးများ မပါဝင်ခဲ့သော နှစ်သစ်ကူးပွဲတော်သည် နှစ်သစ်ကူး၏ လက္ခဏာ မရှိတော့ကြောင်း ဟီပေပြည်နယ်မှလာရောက်သည့် ရွှေ့ပြောင်းအလုပ်သမား ကျူ ဆိုသူက ပြောကြားခဲ့သည်။

ပေကျင်း၏ လမ်းများပေါ်တွင် မီးရှူးမီး ပန်းနှင့် ဗြောက်အိုးပစ်ဖောက်မှုများဖြင့် စည်ကားနေခဲ့သော ယခင်နှစ်များနှင့်မတူဘဲ ယခုနှစ် ပျော်ပွဲရွှင်ပွဲများသည် တိတ်ဆိတ်နေခဲ့သည်။ ယခင်က ပေကျင်း၏ကောင်းကင်သည် မိုးသောက်သည်အထိ မီးရှူးမီးပန်းများ ဖြင့် ထိန်လင်းနေခဲ့သည်။

ဆောင်းရာသီတွင် လေထုညစ်ညမ်းမှု ပမာဏကိုလျှော့ချလိုနေသော အာဏာပိုင်များက ယခုနှစ်တွင် ထုံးတမ်းအစဉ်အလာကို ပစ်မှတ်ထား တင်းကျပ်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးမြို့ငယ် ၄၄၀ တွင် မီးရှူးမီးပန်းနှင့် ဗြောက်အိုးများပစ် ဖောက်ခြင်းကို ယမန်နှစ်ကစပြီး တားမြစ်ထားသည်။ သို့သော်လည်း ပေကျင်းက ဒီဇင်ဘာတွင်မှ ယင်းတားမြစ်ကို ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

“အားလုံးသော ပေကျင်းသူ ပေကျင်းသားတွေလိုပါပဲ။ ကျွန်တော်ဟာ ကလေးဘဝကတည်းက မီးပန်းလွှတ်လာခဲ့တာပါ။ ဒါပေမဲ့ အချိန်တွေက ပြောင်းလဲလာခဲ့ပါပြီ။ လေထုညစ်ညမ်းမှုက လူတွေအားလုံးအတွက် အရေးကြီးဆုံးဖြစ်လာနေပါပြီ” ဟု မျိုးရိုးအမည် ကျန်ဆိုသည့် အမျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်က ပေကျင်း၏နှစ်သစ်ကူးတွင် လေထုအတွင်းရှိ အန္တရယ်ရှိသောအမှုန်များ၏ ပမာဏသည် မြင့်တက်ခဲ့မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အန္တရာယ်ကင်း သည်ဟု သတ်မှတ်ထားသော ပမာဏထက် ၂၆ ဆကျော် မြင့်မားခဲ့သည်။ ယခုနှစ်တွင်မူ ပေကျင်း၏ ကောင်းကင်က အပြာရောင်လွင်နေခဲ့သည်။

မီးရှူးမီးပန်းနှင့် ဗြောက်အိုးများကို ပိတ်ပင်ခြင်း၏ နောက်ထပ်အကြောင်းအရင်း တစ်ခုသည် ဘေးအန္တရာယ်ကာကွယ်ရေး ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း တရုတ်တွင် မီးရှူး မီးပန်းနှင့် ဗြောက်အိုးများကြောင့် မတော်တဆမှု အမြောက်အမြားဖြစ်ပွားခဲ့သည်။ ယခုနှစ်တွင် အနောက်တောင်ဘက် ယူနန်ပြည်နယ်၌ မီးရှူးမီးပန်းများပေါက်ကွဲမှုကြောင့် ဖေဖော်ဝါရီ ၁၅ ရက်ညတွင် လေးဦးသေဆုံးခဲ့ပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

 

Most Read

Most Recent