Oxfam ၏ အရှုပ်တော်ပုံ ကျယ်ပြန့်လာပြီး နယ်စည်းမထား ဆရာဝန်များအဖွဲ့ကလည်း လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများကို ထုတ်ဖော်ကြေညာ

Oxfam ၏ အရှုပ်တော်ပုံ ကျယ်ပြန့်လာပြီး နယ်စည်းမထား ဆရာဝန်များအဖွဲ့ကလည်း လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများကို ထုတ်ဖော်ကြေညာ
Published 16 February 2018

ဇန်နဝါရီ ၁၃ ရက်က ပြင်သစ်နယ်စည်းမထား ဆရာဝန်များအဖွဲ့ဝင်တစ်ဦးကို ဘော်ဒိုးမာရီနက်ရှိ ထောက်ပံ့ပို့ဆောင်ရေးဌာန၌ တွေ့ရစဉ် (Photo: AFP)

Oxfam က စတင်ခဲ့သော အကူအညီပေးရေးလုပ်ငန်းများ၌ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံသည် ကျယ်ပြန့်လာခဲ့ပြီး ပြင်သစ်အခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့ MSF က ၎င်း၏ဝန်ထမ်း ၁၉ ဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုအတွက် ယမန်နှစ်က ထုတ်ပယ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၄ ရက် နှောင်းပိုင်းတွင် ကြေညာခဲ့သည်။

ပါရီအခြေစိုက် နယ်စည်းမထားဆရာဝန်များအဖွဲ့ကို ပြင်သစ်ဘာသာအတိုကောက် MSF ဟု သိကြသည်။ ယမန်နှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အနိုင်ကျင့်မှုဆိုင်ရာ တိုင်ကြားမှု ၁၄၆ ခုကို လက်ခံရရှိခဲ့ကြောင်း MSF က ကြေညာခဲ့သည်။ ယင်းတို့အနက် ၄၀ ခန့်သည် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများ ဖြစ်ခဲ့ပြီး ၂၄ မှုအတွက် အရေးယူ ဆောင်ရွက်ချက်ရှိခဲ့ကြောင်း MSF ၏ ကြေညာချက်က ဆိုသည်။ ထို့နောက် ဝန်ထမ်း ၁၉ ဦးကို အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း MSF က ပြောကြားခဲ့သည်။

ကမ္ဘာတွင် အကြီးဆုံးသော အကူအညီပေးရေးအဖွဲ့ဖြစ်သည့် MSF သည် ပဋိပက္ခ ဖြစ်ပွားနေသော နေရာများတွင် ကျန်းမာရေး အကူအညီများ ဆောင်ရွက်ပေးမှုအတွက် ထင်ရှားသည်။ MSF သည် ကမ္ဘာတစ်ဝန်းတွင် ဝန်ထမ်း ၄၀၀၀၀ ခန့်ရှိသောအဖွဲ့ဖြစ်သည်။ ဗြိတိန်၏ အကူအညီပေးရေးအဖွဲ့ Oxfam က ဟေတီတွင် ပြည့်တန်ဆာများ ခေါ်ယူရန်အတွက် ဝန်ထမ်းအချို့ကို အသုံးပြုခဲ့ကြောင်း အရှုပ်တော်ပုံနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့ဟု စွပ်စွဲမှုများ ရင်ဆိုင်နေရချိန်တွင် MSF ၏ ထုတ်ဖော်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းအရှုပ်တော်ပုံကြောင့် Oxfam အဖွဲ့၏ ဒုဥက္ကဋ္ဌသည် နုတ်ထွက်ခဲ့ရပြီး ဗြိတိန်အစိုးရကလည်း Oxfam ကို ရန်ပုံငွေထောက်ပံ့ပေးမှုအား ပြန်လည်စဉ်းစားနေသည်။ လိင်ပိုင်းဆိုင်ရာ အရှုပ်တော်ပုံများကို ဖုံးကွယ်ထားသော နိုင်ငံရပ်ခြား အကူအညီပေးရေး အဖွဲ့များနှင့် ဆက်သွယ်မှုများ ဖြတ်တောက်သွားမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ဖေဖော်ဝါရီ ၁၄ ရက်တွင် သတိပေးခဲ့သည်။ ဗြိတိန်သည် ယမန်နှစ်က Oxfam ကို ဒေါ်လာ ၄၄ သန်း ထောက်ပံ့ပေးခဲ့သည်။ Oxfam သည် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အတွင်း တိုက်ရိုက်လှူဒါန်းသူများထံမှ အလှူဖျက်သိမ်းမှု ၁၂၇၀ ကို ကြုံခဲ့ရကြောင်း ယင်းအလှူငွေပမာဏသည် ဝန်ထမ်း ၆၀၀ ၏ ပျမ်းမျှလစာနှင့် ညီမျှကြောင်း Oxfam ၏ ပြောခွင့်ရပုဂ္ဂိုလ်က ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားခဲ့သည်။

၂၀၁၀ ပြည့်နှစ်က ငလျင်ကြီးဖြစ်ခဲ့ပြီးနောက် ဟေတီတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော Oxfam ၏ ထိုစဉ်က ဥက္ကဋ္ဌ ဘယ်ဂျီယံနိုင်ငံသား ရိုလန်ဗင် ဟော်ရာမေရန်သည် ပြည့်တန်ဆာများ ခေါ်ရန်အတွက် အဖွဲ့၏ ဝန်ထမ်းများကို အသုံးပြုခဲ့ကြောင်း စွပ်စွဲမှုထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

Oxfam သည် ဟေတီ၏ ပြည့်တန်ဆာမှုအတွက် စုံစမ်းစစ်ဆေးမှုပြုခဲ့ပြီးနောက် ဥက္ကဋ္ဌ ဗင်ဟော်ရာမေရန် အပါအဝင် အခြားသုံးဦးအား နုတ်ထွက်ခွင့်ပေးခဲ့ပြီး ဝန်ထမ်းလေးဦးကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။

Ref: AFP

Most Read

Most Recent