w ဗင်နီဇွဲလားအား စစ်ရေးနည်းလမ်းအသုံးပြုရန် ထရန့်က စဉ်းစားနေ - Eleven Media Group <

ဗင်နီဇွဲလားအား စစ်ရေးနည်းလမ်းအသုံးပြုရန် ထရန့်က စဉ်းစားနေ


သြဂုတ် ၁၀ ရက်က ကာရာကက်ရှိ တိုင်းပြုပြည်ပြု လွှတ်တော်သစ်တွင် မိန့်ခွန်းပြောနေသော ဗင်နီဇွဲလားသမ္မတ မာဒူရို (Photo: AFP)

ဗင်နီဇွဲလားတွင် ပဋိပက္ခအရှိန်မြင့်နေမှုကို တုံ့ပြန်ရန် စစ်ရေးနည်းလမ်းများကို စဉ်းစားနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့ပြီး ဗင်နီဇွဲလားက ယင်းသည် ရူးနှမ်းမှုဖြစ်သည်ဟု ချက်ချင်းပင် ပယ်ချခဲ့သည်။ ဗင်နီဇွဲလား အတိုက်အခံများအား နှိပ်ကွပ်ရန်ကြိုးပမ်းနေသည့် သမ္မတ နီကိုလတ်မာဒူရိုအား အာဏာရှင်အဖြစ် ၀ါရှင်တန်က တံဆိပ်ကပ်ခဲ့ပြီး မာဒူရိုနှင့် ၎င်း၏မဟာမိတ်အချို့ကို အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီးဖြစ်သည်။

သို့သော် ထရန့်၏ယင်းမှတ်ချက်များသည် စစ်ရေးစွက်ဖက်မှုပြုလုပ်ရန် ၎င်းကစဉ်းစားနေကြောင်းပြသသည့် ပထမဆုံးလက္ခဏာဖြစ်သည်။ “ဗင်နီဇွဲလားနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ရွေးချယ်စရာတွေအများကြီးရှိတယ်။ လိုအပ်ရင် စစ်ရေးနည်းလမ်း အသုံးပြုနိုင်ခြေအပါအ၀င်ပေါ့” ဟု ထရန့်က ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ အလှမ်းဝေးကွာသော နေရာအားလုံးတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ရှိနေကြောင်း၊ ဗင်နီဇွဲလားမှာမူ အမေရိကန်နှင့် အလွန်အမင်း မဝေးကြောင်း၊ ယင်းနိုင်ငံတွင် ပြည်သူများခံစားနေရပြီး သေဆုံးနေရကြောင်းလည်း ထရန့်က ပြောကြားခဲ့သည်။

နယူးဂျာစီရှိ ထရန့်ဂေါက်ကလပ်တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးရက်တေလာဆင်နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးတို့နှင့်အတူ ဆွေးနွေးပွဲပြုလုပ်ရာ၌ ဗင်နီဇွဲလားနိုင်ငံရေး ပဋိပက္ခလည်း ပါဝင်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ ဗင်နီဇွဲလားသည် အရှုပ်အထွေးတစ်ခုဖြစ်ကြောင်း၊ အလွန်အန္တရာယ်ကြီးပြီး ၀မ်းနည်းစရာကောင်းသော ကမောက်ကမ အခြေအနေဖြစ်ကြောင်း ၎င်းကဆိုခဲ့သည်။

သို့သော် ဗင်နီဇွဲလားကို အမေရိကန်က စစ်ရေးနည်းလမ်းအသုံးပြုရန် စီစဉ်နေသည်ဆိုလျှင်ပင် အစောပိုင်းအဆင့်တွင်သာ ရှိဦးမည်ဖြစ်သည်။ ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် အီရစ်ပါဟွန်က လက်ရှိအချိန်အထိ ပင်တဂွန်သည် မည်သည့်ညွှန်ကြားမှုမှ မရရှိသေးကြောင်း ပြောကြားခဲ့ပြီး ထရန့်၏မှတ်ချက်များကို အသေးစိတ်ရှင်းပြရန် ငြင်းဆန်ခဲ့သည်။

အမေရိကန်သမ္မတနှင့် ဖုန်းပြောရန် ဗင်နီဇွဲလားသမ္မတက မေတ္တာရပ်ခံခဲ့ပြီးနောက် မာဒူရိုသည် ၎င်း၏နိုင်ငံတွင် ဒီမိုကရေစီကို ပြန်လည်ကျင့်သုံးမှသာ ထရန့်က ဖုန်းပြောရန် သဘောတူခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင် စတင်လည်ပတ်ခဲ့သော မာဒူရိုသစ္စာခံသူများသာ လွှမ်းမိုးသည့် ဗင်နီဇွဲလား တိုင်းပြုပြည်ပြု လွှတ်တော်သစ်တွင် ပါဝင်သည့်အမတ်များကို ပစ်မှတ်ထား၍ အမေရိကန်က ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်ခဲ့ပြီးနောက် နှစ်ရက်သာအကြာတွင် ထရန့်၏ ယင်းသတိပေးမှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးဗလာ ဒီမာပါဒရီနိုက ယင်းခြိမ်းခြောက်မှုသည် ရူးနှမ်းမှုနှင့် အလွန်အမင်းအစွန်းရောက်မှု ဖြစ်သည်ဟုဆိုကာ ပယ်ချခဲ့သည်။ မာဒူရိုကိုပါ ပစ်မှတ်ထားသည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကို ဗင်နီဇွဲလားအစိုးရက တုံ့ပြန်ခဲ့ပြီးဖြစ်ပြီး အမေရိကန်သည် ကမ္ဘာကြီးရှေ့တွင် ကိုယ့်ကိုယ်ကိုယ်အရူးလုပ်နေကြောင်း ဝေဖန်ခဲ့သည်။

ဗင်နီဇွဲလားတွင် လေးလကျော်ကြာမြင့်လာပြီဖြစ်သော အစိုးရဆန့်ကျင်ဆန္ဒပြမှုများ၌ ဆန္ဒပြသူများနှင့်ရဲများအကြား ပဋိပက္ခအတွင်း သေဆုံးသူ ၁၃၀ နီးပါးရှိလာပြီဖြစ်သည်။ The Binary Guardians ဟုခေါ်ဆိုသည့် ဟက်ကာအဖွဲ့တစ်ဖွဲ့က သြဂုတ် ၁၀ ရက်တွင် သုံးစွဲသူခုနစ်သန်း၏ မိုဘိုင်းဖုန်းဆက်သွယ်မှုများ ပြတ်တောက်စေခဲ့သည့် ဧရာမဆိုက်ဘာတိုက်ခိုက်မှုတွင် တာဝန်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောသီတင်းပတ်ကုန်ရက်က နိုင်ငံအနောက်မြောက်ပိုင်းရှိ ဗလင်စီယာတွင် စစ်စခန်းတစ်ခုအား တိုက်ခိုက်မှုနောက်ကွယ်မှ ပါဝင်ခဲ့သည့် တပ်ပြေးအရာရှိနှစ်ဦးသည် ဖမ်းဆီးခံခဲ့ရကြောင်း ပါဒရီနိုက ပြောကြားခဲ့သည်။

Ref: AFP

August 12, 2017














Copy Protected by Chetan's WP-Copyprotect.