မာလီအပန်းဖြေစခန်းတစ်ခုသို့ ဂျီဟတ်ဟု ယူဆရသူများက ၀င်စီးတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး

ဂျီဟတ်များ၏ တိုက်ခိုက်မှုအပြီး ဇွန် ၁၉ ရက်က ဘာမာကိုရှိ ကန်ဂါဘာခရီးသွား အပန်းဖြေစခန်းသို့ ၀င်ရောက်လာသည့် မာလီရဲတပ်ဖွဲ့ဝင်များ (Photo: AFP)

မာလီနိုင်ငံ၏ မြို့တော်ဘာမာကိုအစွန်ရှိ နိုင်ငံခြားသားများအကြား ထင်ရှားသည့် အပန်းဖြေစခန်းတစ်ခုတွင် ဇွန် ၁၈ ရက်က အကြမ်းဖက်မှုဟုယူဆရသည့် တိုက်ခိုက်တစ်ခုဖြစ်ပွားခဲ့သည်။ ထိုဖြစ်စဉ်အတွင်း ဂျီဟတ်ဖြစ်ဖွယ်ရှိသူများက အလ္လာဟ်ဟုအော်ကာ အပန်းဖြေစခန်းကို ၀င်စီးခဲ့ခြင်းဖြစ်ပြီး ဓားစာခံ ၃၀ ကျော်ကို ခေတ္တဖမ်းဆီးခဲ့ကြကာ သေဆုံးသူနှစ်ဦးထက်မနည်းရှိခဲ့သည်။
    
ဒုက္ခပတ်လည်ဝိုင်းနေသော မာလီနိုင်ငံ၏တောင်ပိုင်းတွင် တည်ရှိသည့် ဘာမာကိုတွင် လွန်ခဲ့သည့်နှစ်နှစ်နီးပါးကလည်း အလားတူတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ ယခုတိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာမှာ Kangaba Le Campement အပန်းဖြေစခန်းဖြစ်သည်။ တိုက်ခိုက်သူလေးဦးကို လုံခြုံရေးတပ်ဖွဲ့များက သတ်နိုင်ခဲ့သည်ဟု မာလီလုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သူ ရှိ၊ မရှိ မဖော်ပြခဲ့ပေ။ တိုက်ခိုက်သူနှစ်ဦး၏ အလောင်းကိုတွေ့ပြီဖြစ်ပြီး ကျန်နှစ်ဦးကို ဆက်လက်ရှာဖွေနေကြဆဲဖြစ်သည်။
    
အနီးရှိဒေသခံများက သေနတ်ပစ်သံများကြားခဲ့ကာ လေထုထဲသို့ မီးခိုးများထွက်သည်ကို တွေ့ခဲ့ပြီးနောက် တိုက်ခိုက်မှုအကြောင်းကို ပထမဆုံးသတင်းပို့ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း အဆောက်အအုံတစ်ခုထက်မနည်း မီးစွဲလောင်ခဲ့သည်။

“ဒါဟာ ဂျီဟတ်တိုက်ခိုက်မှုတစ်ခုပါ။ မာလီအထူးတပ်ဖွဲ့တွေ ကြားဝင်ခဲ့ရပါတယ်” ဟု လုံခြုံရေးဝန်ကြီး ဆာလစ်ထရာယိုရီက ပြောကြားခဲ့သည်။ ထိုအထူးတပ်ဖွဲ့များကို ကုလသမဂ္ဂစစ်သားများနှင့် ပြင်သစ်အကြမ်းဖက်မှု နှိမ်နင်းရေးတပ်ဖွဲ့ဝင်တို့က ပံ့ပိုးပေးခဲ့သည်။
    
“အပန်းဖြေစခန်းက ဧည့်သည်နဲ့ အလုပ်သမား ၃၆ ဦးဝန်းကျင်ကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟုဝန်ကြီးကပြောကြားခဲ့ပြီး ၎င်းတို့ထဲတွင် ပြင်သစ် ၁၅ ဦး၊ မာလီ ၁၅ ဦးဝန်းကျင်ပါဝင်ကာ ဒဏ်ရာရသူ ၁၄ ဦးထက်မနည်းရှိခဲ့သည်ဟုဆိုသည်။
    
“မော်တော်ဆိုင်ကယ်နဲ့ ရောက်လာတဲ့လူတစ်ဦးဟာ လူအုပ်ကို စပြီးသေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီနောက်မှာ နောက်ထပ်ကားတစ်စီးနဲ့ လူနှစ်ဦးသုံးဦး ထပ်ရောက်လာပါတယ်” ဟုမျက်မြင်သက်သေတစ်ဦးက ပြောကြားခဲ့သည်။
    
အနောက်အာဖရိကမှ ကုန်းတွင်းပိတ်နိုင်ငံ မာလီသည် လွန်ခဲ့သည့်နှစ်များကတည်းက ဂျီဟတ်တို့၏ သူပုန်ထမှုကို နှိမ်နင်းနေရခြင်းဖြစ်သည်။ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ဆာဟယ်ဒေသမှ ငါးနိုင်ငံနှင့် တွေ့ဆုံရေးအတွက် ဇူလိုင် ၂ ရက်တွင် ဘာမာကိုသို့ သွားရောက်မည်ဖြစ်သည်။ ထို့ကြောင့် မက်ခရွန်သည် အခြေအနေများကို အသေးစိတ်စောင့်ကြည့်နေသည်ဟု သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
    
ယခုတိုက်ခိုက်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ တာဝန်ရှိကြောင်း မထုတ်ပြန်သေးပေ။ ယခုလအစောပိုင်းကပင် အနောက်တိုင်းသားများ မကြာခဏလာလေ့ရှိသည့် နေရာများ၊ ၀တ်ပြုသည့်နေရာများ၊ အနောက်နိုင်ငံတို့မှ သံအဖွဲ့များကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများဖြစ်နိုင်ခြေရှိကြောင်း ဘာမာကိုရှိ အမေရိကန်သံရုံးက သတိပေးခဲ့သေးသည်။                                 

Writer: 
Ref: AFP