ပိုးသတ်ဆေး ကြက်ဥအရှုပ်တော်ပုံ ဥရောပမှ အာရှသို့ ပျံ့နှံ့လာ

ပိုးသတ်ဆေး ကြက်ဥအရှုပ်တော်ပုံ ဥရောပမှ အာရှသို့ ပျံ့နှံ့လာ
Published 12 August 2017


ရိုမေးနီးယားရှိ ကော်စတီစတီဒင်ဗေး ကျေးရွာတွင် ကြက်ဥများအား ထုပ်ပိုးနေသည်ကို သြဂုတ် ၁၁ ရက်က တွေ့ရစဉ် (Photo: AFP)

ပိုးသတ်ဆေးကြောင့် မသန့်ပြန့်ဖြစ်နေသည့် ကြက်ဥများပါဝင်သော အရှုပ်တော်ပုံသည် ဥရောပသမဂ္ဂအဖွဲ့ဝင် ၁၅ နိုင်ငံ၊ ဆွစ်ဇာလန်နှင့် ဟောင်ကောင်အထိ ဝေးလံသော နေရာများဆီသို့ သြဂုတ် ၁၁ ရက်တွင် ပျံ့နှံ့လာကြောင်း သိရသည်။ ဥရောပကော်မရှင်က ကြီးထွားလာသော ယင်းပြဿနာနှင့် ပတ်သက်၍ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အကြီးအကဲများသည် ဓာတုပစ္စည်းဖြစ်သော ဖီပရိုနဲပါဝင်သည့် အရှုပ်တော်ပုံနှင့် ပတ်သက်၍ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြစ်တင်ခြင်းနှင့် အရှက်ခွဲနေကြခြင်းကို ရပ်တန့်ရန်အတွက် စက်တင်ဘာ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဖီပရိုနဲပါဝင်မှုကို တွေ့ရှိရကြောင်း သြဂုတ် ၁ ရက်တွင် လူသိရှင်ကြား ကြေညာခဲ့ပြီးနောက် ဥရောပတစ်လွှားတွင် သန်းနှင့်ချီသောကြက်ဥများကို စူပါမားကက်များမှနေ၍ ပြန်လည်ရုပ်သိမ်းခဲ့ရပြီး ဒါဇင်နှင့်ချီသော ကြက်မွေးမြူရေးခြံများကို ပိတ်ခဲ့ရသည်။

ယင်းပြဿနာကို သိရှိနေခဲ့သည်မှာ မည်မျှကြာပြီဟူသည့် ကိစ္စနှင့်ပတ်သက်၍ ပြဿနာ၌ အချက်အချာ နိုင်ငံသုံးနိုင်ငံဖြစ်သော ဘယ်ဂျီယံ၊ နယ်သာလန်နှင့် ဂျာမနီတို့အကြား ငြင်းခုံမှုများဖြစ်ပွားခဲ့သည်။

“အပြစ်တင်တာတွေ အရှက်ခွဲတာတွေဟာ ဘယ်ကိုမှ မရောက်ပါဘူး။ ကျွန်တော်ဒါတွေကို ရပ်တန့်လိုပါတယ်” ဟု ကျန်းမာရေး နှင့် အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ ဥရောပကော်မရှင်နာ ဗီတန်းနစ်အင်ဒရူးကေတစ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လိုအပ်တဲ့သင်ခန်းစာတွေ ထုတ်ယူဖို့ရယ်၊ ရှေ့ဆက်နိုင်ဖို့ရယ် အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ဥရောပကော်မရှင်၏ ပြောရေးဆိုခွင့်ရအမျိုးသမီး မီနာအင်ဒရီးဗာက “ဒီလိုမဟုတ်ဘူး။ ရှင်းရှင်းလင်းလင်းဖြစ်ဖို့ပါ။ ပြဿနာဆိုင်ရာ အစည်းအဝေးမဟုတ်ပါဘူး။ ဖြစ်ရပ်တွေနဲ့ဝေးကွာစေဖို့ အစည်းအဝေးကို နောက်လကျမှ ကျင်းပမှာပါ” ဟု ပြောကြားခဲ့သည်။

ဖီပရိုနဲကို တိရစ္ဆာန်များမှနေ၍ သန်း၊ လှေး၊ မွှားကောင်များ သုတ်သင်ရန်အတွက် အသုံးပြုသော်လည်း အစားအသောက် ထုတ်လုပ်ရေးလုပ်ငန်းများ၌ သုံးစွဲခြင်းကို ဥရောပသမဂ္ဂက ပိတ်ပင်ထားသည်။

ဥရောပသမဂ္ဂက ယင်းသည် လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်မှုမရှိဟု အခိုင်အမာ ပြောကြားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယင်းကို ပမာဏများစွာစားမိပါက လူသားတို့၏ ကျောက်ကပ်၊ အသည်းနှင့် သိုင်းရွိုက်ဂလင်းတို့ကို ထိခိုက်စေနိုင်သည်ဟု ပြောကြားထားသည်။

ယင်းပြဿနာ ရိုက်ခတ်မှုခံရသော ဥရောပ ၁၅ နိုင်ငံမှာ ဘယ်ဂျီယံ၊ နယ်သာလန်၊ ဂျာမနီ၊ ပြင်သစ်၊ ဆွီဒင်၊ ဗြိတိန်၊ သြစတြီးယား၊ အိုင်ယာလန်၊ အီတလီ၊ လူဇင်ဘတ်၊ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ စလိုဗေးနီးယား၊ ဒိန်းမတ်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်သော ဆွစ်ဇာလန်တို့ဖြစ်ကြောင်း ဥရောပသမဂ္ဂက ကြေညာခဲ့သည်။

Ref: AFP

Most Read

Most Recent