နယ်စပ်မှ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရန် ကမ္ဘောဒီးယားနှင့် လာအိုခေါင်းဆောင်များ သဘောတူ

နယ်စပ်မှ နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းရန် ကမ္ဘောဒီးယားနှင့် လာအိုခေါင်းဆောင်များ သဘောတူ
Published 12 August 2017


သြဂုတ် ၁၂ ရက်က ဖနွမ်းပင်၌ ဒုံးပစ်စင် ထရပ်ကားပေါ်တွင် ထိုင်နေသည့် အပေါင်းအပါများကို လက်ပြနေသည့် ကမ္ဘောဒီးယားစစ်သားတစ်ဦး (Photo: AFP)

နယ်စပ်ဒေသတစ်ခုအား ကျူးကျော်ဝင်ရောက်ခဲ့သည်ဆိုသော တပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းပေးရန် သို့မဟုတ် စစ်ရေးတုံ့ပြန်မှုကို ရင်ဆိုင်ရန် လာအိုကို သြဂုတ် ၁၁ ရက်တွင် ရာဇသံပေးခဲ့ပြီးနောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က သြဂုတ် ၁၂ ရက်တွင် လာအိုသို့သွားရောက်ပြီး ဆွေးနွေးခဲ့သည်။

လာအိုစစ်သား ၃၀ ခန့်သည် လမ်းဖောက်လုပ်မှုတစ်ခုအား ဟန့်တားရန် ပြီးခဲ့သော ဧပြီနောက်ပိုင်းကတည်းက ကမ္ဘောဒီးယားမြောက်ပိုင်းရှိ Stung Treng ပြည်နယ်တွင် စခန်းချနေခဲ့ကြောင်း ဟွန်ဆန်က ပြောကြားခဲ့သည်။ ယင်းဒေသသို့ ဟွန်ဆန်က တပ်ဖွဲ့ဝင်များ စတင်စေလွှတ်ခဲ့ပြီး ရာဇသံပေးခဲ့သည့် သြဂုတ် ၁၁ ရက်တွင် ယင်းပြဿနာသည် အရှိန်မြင့်တက်လာခဲ့သည်။ သို့သော် သြဂုတ် ၁၂ ရက်တွင် ဟွန်ဆန်သည် လာအိုမြို့တော် ဗီယန်ကျင်း၌ လာအိုဝန်ကြီးချုပ် တောင်လွန်ဆီဆိုလစ်နှင့် အရေးပေါ်ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ဟွန်ဆန်က ၎င်း၏ Facebook စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ယင်းဆွေးနွေးပွဲတွင် အဆိုပါပြဿနာအား ဖြေရှင်းနိုင်ခဲ့ကြောင်း ခေါင်းဆောင်နှစ်ဦးက ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဒီးယားနှင့် လာအိုတို့သည် ကုန်းမြေ ကီလိုမီတာ ၅၄၀ (၃၃၅ မိုင်) ထိစပ်နေသော်လည်း တရားဝင် နယ်နိမိတ်မသတ်မှတ်ရသေးသဖြင့် ပိုင်နက်အငြင်းပွားမှုများ မကြာခဏဖြစ်ပွားခဲ့သည်။ ယင်းနယ်စပ်တွင် လုံခြုံရေးချထားရန် ခက်ခဲသဖြင့် မူးယစ်ဆေးများ အထူးသဖြင့် မက်သာဖီတမင်းနှင့် ဘိန်းဖြူအများအပြားအား လာအိုမှတစ်ဆင့် ကမ္ဘောဒီးယားသို့ ခိုးသွင်းလေ့ရှိကြောင်း သိရသည်။ ယင်းအငြင်းပွားနယ်စပ်တွင် တရားဝင်နယ်နိမိတ်ပိုင်းခြား သတ်မှတ်ရန် နယ်စပ်တာဝန်ရှိသူများအား ညွှန်ကြားသွားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနှင့် လာအိုခေါင်းဆောင်များက ပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များအား သြဂုတ် ၁၃ ရက် နံနက်မတိုင်မီ ပြန်လည်ရုပ်သိမ်းရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း လာအိုဝန်ကြီးချုပ်က စကားပြန်မှတစ်ဆင့် ပြောကြားခဲ့သည်။ ဟွန်ဆန်က ယင်းသဘောတူညီချက်သည် နှစ်နိုင်ငံစလုံးအတွက် ကြီးမားသော အောင်ပွဲတစ်ရပ်အဖြစ် ဂုဏ်ပြုခဲ့ပြီး ၎င်း၏စစ်သားများအား ပြန်လည်ဆုတ်ခွာရန် ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

သြဂုတ် ၁၁ ရက်တွင် ဟွန်ဆန်၏ ညွှန်ကြားချက်အပြီး ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များနှင့် ရော့ကတ်လောင်ချာများ ပါဝင်သော ယာဉ်တန်းသည် မြို့တော်ဖနွမ်းပင်အား ဖြတ်သန်း၍ မြောက်ဘက်သို့ထွက်ခွာခဲ့ကြကြောင်း သိရသည်။

ကမ္ဘောဒီးယားသည် အိမ်နီးချင်းထိုင်းနှင့်လည်း ၎င်းတို့နှစ်နိုင်ငံထိစပ်နေသော နယ်စပ်အနီး ရှေးဟောင်းပရဝိဟာရဘုရားကျောင်းနှင့် ပတ်သက်၍ ပြင်းထန်သော ပိုင်ဆိုင်မှုအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်က အဆိုးရွားဆုံးပဋိပက္ခအတွင်း လူ ၂၈ ဦးသေဆုံးခဲ့ရသည်။ ၂၀၁၃ ခုနှစ်တွင် ကုလသမဂ္ဂထိပ်တန်းခုံရုံးက ယင်းနယ်မြေသည် ကမ္ဘောဒီးယားအပိုင်ဖြစ်သဖြင့် ထိုင်းတပ်ဖွဲ့ဝင်များအား ပြန်လည်ရုပ်သိမ်းရန် အမိန့်ချခဲ့သည်။

Ref: AFP

Most Read

Most Recent