သမ္မတနှင့်ဆက်နွှယ်နေသော အပြာမင်းသမီးအား ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ဟု ထရန့်ရှေ့နေက ပြောကြား

သမ္မတနှင့်ဆက်နွှယ်နေသော အပြာမင်းသမီးအား ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ဟု ထရန့်ရှေ့နေက ပြောကြား
Published 15 February 2018

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က လော့စ်အိန်ဂျလိစ်တွင် ၄၉ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲသို့ တက်ရောက်လာသည့် စတော့မီဒန်နီယယ် (Photo: AP)

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ပတ်သက်မှုရှိခဲ့သည်ဟု ပြောကြားဖူးသည့် အပြာမင်းသမီးတစ်ဦးထံ ထရန့်၏ရှေ့နေက ၎င်း၏ကိုယ်ပိုင်ငွေဖြင့် ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ရကြောင်း နယူးယောက်တိုင်းမ်သို့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

အမည်ရင်း စတက်ဖနီကလက်ဖို့ဒ်ဟုခေါ်သော အပြာမင်းသမီးစတော့မီဒန်နီ ယယ်ထံ ၎င်းကပေးခဲ့သည့်ယင်းငွေများအား ပြန်လည်ရရှိခြင်းမရှိသေးကြောင်းလည်း ရှေ့နေမိုက်ကယ်ကိုဟင်က ပြောကြားခဲ့သည်ဟု တိုင်းမ်က ဖော်ပြခဲ့သည်။

ယင်းငွေပေးမှုသည် တရားဝင်ဖြစ်ကြောင်း ကိုဟင်က ပြောကြားခဲ့သော်လည်း မည်သည့်အတွက်ကြောင့် ယင်းကဲ့သို့ငွေပေးခဲ့ရခြင်းကိုမူ ၎င်းက အသေးစိတ်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ကလက်ဖို့ဒ်ထံ ယင်းကဲ့သို့ငွေလွှဲပြောင်းပေးမှုတွင် ထရန့်အဖွဲ့အစည်း သို့မဟုတ် ထရန့်မဲဆွယ်အဖွဲ့နှင့် သက်ဆိုင်မှုမရှိကြောင်း၊ ယင်းငွေများကိုလည်း ၎င်းထံ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပြန်လည်ပေးအပ်ခြင်းလည်းမရှိကြောင်း ကိုဟင်၏ ပြောကြားမှုကို တိုင်းမ်က ဖော်ပြခဲ့သည်။ ကလက်ဖို့ဒ်အား ငွေပေးမှုသည် မဲဆွယ်အဖွဲ့သို့ တစ်စုံတစ်ဦး၏ ထည့်ဝင်မှု သို့မဟုတ် မဲဆွယ်အဖွဲ့၏ သုံးစွဲမှုလည်းမဟုတ်ကြောင်း ကိုဟင်က ဆိုခဲ့သည်။

နှုတ်ပိတ်ရန်အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာသမ္မတရွေးကောက်ပွဲမတိုင်မီ တစ်လအလိုတွင် ယင်းကဲ့သို့ငွေပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ ထရန့်သည် ကလက်ဖို့ဒ်နှင့် ၂၀၁၆ ခုနှစ်တွင် လိင်ပိုင်းဆိုင်ရာပတ်သက်မှု ပြုလုပ်ခဲ့သည်ဟု ယူဆရသည့်အချိန်က သာမန်အရပ်သားတစ်ဦးသာဖြစ်သည်။ ယင်းအချိန်တွင် ထရန့်သည် လက်ထပ်ထားပြီး ဇနီးဖြစ်သူ မီလန်နီယာသည် ယင်းမတိုင်မီလေးလအလိုက သားဖြစ်သူအား မွေးဖွားခဲ့သည်။

ကလက်ဖို့ဒ်အား ငွေပေးခဲ့ကြောင်းကို ဝေါစထရိဂျာနယ်က ပြီးခဲ့သောလတွင် စတင်ဖော်ပြခဲ့သည်။ ထရန့်က ရှေ့နေမှတစ်ဆင့်နှင့် အသက် ၃၈ နှစ်ရှိ ကလက်ဖို့ဒ်က ၎င်းတို့နှစ်ဦးအကြား မည်သည့်ဆက်နွှယ်မှုမျှမရှိကြောင်း ငြင်းဆိုထားကြသည်။

Most Read

Most Recent