အီဂျစ်တွင် ရထားနှစ်စင်းတိုက်မိခဲ့ရာ လူ ၃၇ ဦးထက်မနည်း သေဆုံး

အီဂျစ်တွင် ရထားနှစ်စင်းတိုက်မိခဲ့ရာ လူ ၃၇ ဦးထက်မနည်း သေဆုံး
Published 12 August 2017

သြဂုတ် ၁၁ ရက်က ခေါ်ရှက်ဘူတာရုံအနီး ရထားတိုက်မှု ဖြစ်ပွားသည့်နေရာ၌ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြသူများ

အီဂျစ်နိုင်ငံတွင် သြဂုတ် ၁၁ ရက်က မြေထဲပင်လယ်မြို့ အလက်ဇန်းဒရီယာ၏ အပြင်ဘက်တွင် ရထားနှစ်စင်းဝင်တိုက်မိမှုဖြစ်ပွားခဲ့ရာ လူ ၃၇ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းဖြစ်စဉ်သည် အီဂျစ်နိုင်ငံ၏ လူသေဆုံးမှုအများဆုံး ရထားတိုက်မှုဖြစ်စဉ်များထဲက တစ်ခုဖြစ်လာခဲ့ပြီး ဒဏ်ရာရသူဦးရေ ၁၂၃ ဦးရှိခဲ့သည်။

အစိုးရရုပ်သံဌာနမှ ထုတ်လွှင့်မှုထဲ၌ ရထားတစ်စင်းသည် တိုက်မိမှုကြောင့် တစ်စိတ်တစ်ပိုင်း လဲပြိုပျက်စီးနေသည်ကို တွေ့ရပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် သေဆုံးသူများနှင့် ဒဏ်ရာရသူများအား သယ်ထုတ်နေသည်ကို တွေ့ရသည်။

မတော်တဆမှုဖြစ်ရသည့် အကြောင်းရင်းမှာ ရထားတစ်စင်းသည် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းသွားသဖြင့် သံလမ်းပေါ်၌ ရပ်တန့်သွားခဲ့ဖွယ်ရှိကြောင်း၊ ထိုစဉ်အခြားရထားတစ်စင်းက ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ အရာရှိများက ပြောကြားခဲ့သည်။ ရထားတစ်စင်းသည် မြို့တော်ကိုင်ရိုမှလာပြီး နိုင်ငံမြောက်ပိုင်းရှိ အလက်ဇန်းဒရီယာမြို့သို့ ဦးတည်နေခြင်းဖြစ်ကာ အခြားတစ်စင်းသည် ပေါ့ဆေ့ဒ်မြို့မှလာပြီး အလက်ဇန်းဒရီယာသို့ ဦးတည်သွားနေခဲ့ခြင်းဖြစ်သည်။

အီဂျစ်သမ္မတ အဗ္ဗဒူဖာတာအယ်စီစီက သေဆုံးဒဏ်ရာရသူများ၏ မိသားစုများအတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ယခုမတော်တဆနှင့် ပတ်သက်ပြီး မည်သူ့တွင်တာဝန်ရှိကြောင်း စုံစမ်းရန်အမိန့်ထုတ်ထားသည်။ ၂၀၁၂ ခုနှစ်ကလည်း အီဂျစ်တွင် ကျောင်းကားတစ်စီးနှင့် ရထားတစ်စီးတို့ တိုက်မိခဲ့ရာ သေဆုံးသူ ၄၇ ဦးရှိခဲ့သည်။

Ref: AFP

Most Read

Most Recent