ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှု၌ မြန်မာပါဝင်မှုကို တမင်မှိန်ဖျော့ထား

ထိုင်း-အမေရိကန် စစ်ရေးလေ့ကျင့်မှု၌ မြန်မာပါဝင်မှုကို တမင်မှိန်ဖျော့ထား
Published 14 February 2018

ဖေဖော်ဝါရီ ၁၃ ရက်က ထိုင်းနိုင်ငံ၌ ကော်ဘရာဂိုး ပူးတွဲစစ်ရေးလေ့ကျင့်မှုဖွင့်ပွဲ၌ မြန်မာတပ်မတော်အရာရှိတစ်ဦး (လယ်) အား တွေ့ရစဉ် (Photo: AP)

အရှေ့တောင်အာရှ၌ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအနက် အကြီးဆုံးဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင်ပြုလုပ်သော ထိုင်းနှင့်အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲ၌ မြန်မာစစ်ဘက်ဆိုင်ရာအရာရှိတစ်ဦး ရောက်ရှိနေမှုကို တမင်မှိန်ဖျော့ထားခဲ့ကြောင်း သိရသည်။

လူပေါင်းသိန်းနှင့်ချီလျက် အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသော လူနည်းစုဘင်္ဂါလီမွတ်စလင်များအား နှိမ်နင်းခဲ့ရာတွင် မြန်မာတပ်မတော်သည် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ်ရှိခဲ့သည်ဟု စွပ်စွဲခံထားရသည်။ အမေရိကန်ဥပဒေပြုအမတ်များက စစ်ရေးလေ့ကျင့်မှုမှနေ၍ မြန်မာနိုင်ငံကို ဖယ်ထုတ်ထားရန် တောင်းဆိုခဲ့ကြသည်။

“တကယ့်အမှန်က မြန်မာနိုင်ငံဟာ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့နိုင်ငံမဟုတ်ပါဘူး” ဟု ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဂလင်းတီဒေးဗီးက ထိုင်းနိုင်ငံအရှေ့ပိုင်းတွင် ပြုလုပ်သော ကော်ဘရာဂိုး စစ်ရေးလေ့ကျင့်မှု၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ “ဒီမှာလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ သူတို့မပါဝင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သော်လည်း အဘယ့်ကြောင့် မြန်မာတပ်မတော်အရာရှိ တက်ရောက်နေသည်ကို တွေ့မြင်ရသနည်း ဟူသည့်အချက်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။

ထိုင်းဗိုလ်ချုပ်ကြီး သန်ချိုင်းယန်ဆရီဆူဝမ်က ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့ကြောင်း အတည်ပြုပေးခဲ့သည်။ သို့သော် ဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံအလံကို လွှင့်ထူထားခြင်းမရှိပေ။ ထိုင်းနိုင်ငံက မြန်မာတပ်မတော်အရာရှိသုံးဦးကို ဖိတ်ကြားခဲ့သည်ဟု ယုံကြည်ရသော်လည်း တစ်ဦးသာ တက်ရောက်ခဲ့ပုံရသည်။

လွန်ခဲ့သည့်သီတင်းပတ်အတွင်းက အမေရိကန်ပြည်ထောင်စုတွင် ရီပက်ဘလီကင်နှင့် ဒီမိုကရက်လွှတ်တော်အမတ်များက မြန်မာနိုင်ငံကို ဖိတ်ကြားခဲ့မှုအား ကန့်ကွက်ဝေဖန်ခဲ့သည်။ အထက်လွှတ်တော် လက်နက်ကိုင်ဌာနများကော်မတီ၏ ရီပက်ဘလီကင်ဥက္ကဋ္ဌ ဂျွန်မက်ကိန်းက “လူမျိုးစုလိုက်သုတ်သင်မှုမှာပါဝင်တဲ့ စစ်တပ်တွေအနေနဲ့ အမေရိကန်တပ်တွေနဲ့အတူ သူတို့ရဲ့ကျွမ်းကျင်မှုကို လေ့ကျင့်ဖို့မသင့်ပါဘူး” ဟု မြန်မာတပ်မတော်က ကျူးလွန်ခဲ့သည်ဆိုသော ရက်စက်ကြမ်းကြုတ်မှုများအကြောင်း ရည်ညွှန်းလျက် ပြောကြားခဲ့သည်။

အဓိကပါဝင်သည့် နိုင်ငံခုနစ်နိုင်ငံဖြစ်သော ထိုင်း၊ အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့နှင့်အတူ ယခုနှစ်စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ တပ်ဖွဲ့ဝင်ပေါင်း ၁၁၀၇၅ ပါဝင်မည်ဟု အမေရိကန်၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားထားသည်။

စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်များမှာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များ ဖွံ့ဖြိုးလာရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ဘေးဒုက္ခများ ကယ်ဆယ်ရေးတို့အတွက် အဆင်သင့်ဖြစ်မှုကို ထိန်းသိမ်းရန်တို့ဖြစ်သည်ဟု ဆိုသည်။

ယခုစစ်ရေးလေ့ကျင့်မှုတွင် လူများကို ဖယ်ရှားပေးရေးကဲ့သို့သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စများပါဝင်သကဲ့သို့ ကုန်းရေနှစ်သွယ်သွားယာဉ် ဆင်းသက်မှုကဲ့သို့သော အစဉ်အလာလေ့ကျင့်ရေးများလည်း ပါဝင်သည်။

Most Read

Most Recent