လူငယ်များအား Facebook ၏ ဆွဲဆောင်နိုင်မှု အလျင်အမြန်ကျဆင်းလာနေ

လူငယ်များအား Facebook ၏ ဆွဲဆောင်နိုင်မှု အလျင်အမြန်ကျဆင်းလာနေ
Published 14 February 2018

Photo: AP

အမေရိကန်တွင် လူမှုမီဒီယာကြီး Facebook သည် လူငယ်အသုံးပြုသူများအား ဆွဲဆောင်မှုလျော့ကျလာစေပြီး ယခင်ခန့်မှန်းထားသည်ထက်ပင် လူငယ်သုံးစွဲသူများ လျင်မြန်စွာလျော့ကျလာနေကြောင်း သုတေသနပညာရှင်များက ဖေဖော်ဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

မိဘအရွယ်များနှင့် ဘိုးဘွားအရွယ်များက Facebook ပို၍သုံးစွဲလာနေသော်လည်း လူမှုမီဒီယာအသစ်တစ်ခုဖြစ်သော Snapchat သည် Facebook ထံမှ လူငယ်ပရိသတ်များကို လျင်မြန်စွာဆွဲဆောင်လာနေကြောင်း eMarketer က ထုတ်ပြန်သောအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လူငယ်များအား ဆွဲဆောင်မှုနှင့် ရှိဆဲလူငယ်အသုံးပြုသူများကို ထိန်းသိမ်းထားရန်အတွက် Facebook သည် အကျပ်အတည်းကြုံနေရကြောင်း ယင်းအစီရင်ခံစာက ထင်ဟပ်ပြသခဲ့သည်။

အမေရိကန်တွင် Facebook ကို သုံးစွဲသူများအနက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်း လူငယ်အုပ်စုသည် ယခုနှစ်၌ ၅ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းပြီး ပထမဆုံးအကြိမ် ကျဆင်းမှုဖြစ်မည်ဟု eMarketer က ပြောကြားခဲ့သည်။ အမေရိကန်တွင် အသက် ၁၂ နှစ်မှ ၁၇ အရွယ်အုပ်စု၏ ထက်ဝက်အောက်သာ Facebook တွင် တည်ရှိတော့မည်ဖြစ်ပြီး ယမန်နှစ်က ထိုအသက်အရွယ်အုပ်စု Facebook သုံးစွဲမှုသည် ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သုသေတနက တွေ့ရှိခဲ့သည်။

ယခုနှစ်တွင်လည်း အသက် ၁၂ အောက်အရွယ်များ Facebook သုံးစွဲမှုသည် ၉ ဒသမ ၃ ရာခိုင်နှုန်း ထပ်မံကျဆင်းမည်ဟု eMarketer က ပြောကြားခဲ့သည်။ ထိုရေစီးကြောင်းသည် ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်တွင်လည်း ဆက်လက်ဖြစ်နေမည်ဟု အစီရင်ခံစာကခန့်မှန်းခဲ့ပြီး အမေရိကန်တွင် အသက် ၂၅ အောက် အရွယ်အားလုံးသည် Facebook ကိုသုံးစွဲမှု ကျဆင်းလာနေကြောင်း အစီရင်ခံစာကဆိုခဲ့သည်။

Facebook သည် ယခုနှစ်တွင် အသက် ၂၅ နှစ်အောက်လူငယ် ၂ သန်းခန့်ကိုဆုံးရှုံးနိုင်ပြီး ယင်းလူငယ်များကို Snapchat နှင့် Instagram တို့က အဓိကဆွဲဆောင်သူများ ဖြစ်မည်ဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် Snapchat သည် အသက် ၂၅ နှစ်အောက်လူငယ် ၁ ဒသမ ၉ သန်းခန့် ထပ်မံတိုးလာဖွယ်ရှိပြီး Instagram တွင် ၁ ဒသမ ၆ သန်း ထပ်တိုးလာမည်ဟု eMarketer က ပြောကြားခဲ့သည်။

Facebook သည် ယခုနှစ်တွင် အမေရိကန်ဈေးကွက်၌ အသုံးပြုသူအများဆုံး လူမှုမီဒီယာအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ပြီး အသုံးပြုသူ ၁၆၉ ဒသမ ၅ သန်းခန့်ရှိနေမည်ဟု eMarketer က ဆိုသည်။ လျင်မြန်စွာကြီးထွားလာနေသော Instagram သည် အမေရိကန်တွင် သုံးစွဲသူ ၁၀၄ ဒသမ ၇ သန်းရှိမည်ဖြစ်ပြီး Snapchat က အသုံးပြုသူ ၈၆ ဒသမ ၅ သန်းအထိရှိလာမည်ဟု ထိုအစီရင်ခံစာက ခန့်မှန်းခဲ့သည်။

Most Read

Most Recent