<

ဒူဘိုင်းက ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ကို ဖွင့်လှစ်ကြောင်း ကြေညာ

ဖေဖော်ဝါရီ ၁၁ ရက်က ဒူဘိုင်းတွင် ၇၅ ထပ်ရှိ Gevora ဟိုတယ် (၀ဲလယ်) ကို တွေ့ရစဉ် (Photo: AFP)

ပင်လယ်ကွေ့မြို့ပြ ဒူဘိုင်းသည် ဖေဖော်ဝါရီ ၁၁ ရက်က ကမ္ဘာ့အမြင့်ဆုံးဟိုတယ်ကို ဖွင့်လှစ်ကြောင်း ကြေညာခဲ့ပြီး မြို့၏ မိုးမျှော် အဆောက်အအုံများတွင် စံချိန်သစ်တစ်ခု ထပ်တိုးစေခဲ့သည်။

၇၅ ထပ် Gevora ဟိုတယ်သည် ၃၅၆ မီတာမြင့်ပြီး ယခင်က စံချိန်တင်ထားခဲ့သော JW Mariott Marquis ထက် တစ်မီတာ ပို၍မြင့်မားခဲ့သည်။

Gevora ဟိုတယ်သည် ဖေဖော်ဝါရီ ၁၂ ရက်တွင် ပထမဆုံးဧည့်သည်များကို စတင်လက်ခံခဲ့သည်။ ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ခါလီဖာမျှော်စင် ရှိထားပြီးဖြစ်သည်။ ၈၂၈ မီတာမြင့်သော ယင်းမျှော်စင်သည် ဒူဘိုင်း၏ မိုးမျှော်အ ဆောက်အအုံများတွင် အထင်ရှားဆုံးဖြစ်သည်။

ယူအေအီးနိုင်ငံတစ်ဝန်းတွင် ၂၀၁၇ ခုနှစ်က  နာမည်ကြီးဟိုတယ် ၆၀၀၀ ခန့် ဖွင့်လှစ်ခဲ့ပြီး ယင်းတို့အနက် ဒူဘိုင်းတွင် ၇၈ ရာ ခိုင်နှုန်းနှင့် အဘူဒါဘီတွင် ၁၀ ရာခိုင်နှုန်း ရှိခဲ့ကြောင်း Collier International က ဆိုသည်။

Gevora ဟိုတယ်တွင် အခန်း ၅၂၈ ခန်းရှိပြီး စားသောက်ဆိုင် ငါးခု၊ ရေကူးကန် နှစ်ခုနှင့် ရေနွေးငွေ့ပေးသော ရေချိုးကန်တို့လည်း ပါဝင်မည်ဖြစ်သည်။

Al Attar Properties ကတည်ဆောက်သော  Gevora ဟိုတယ်သည် ကမ္ဘာတွင် ၃၅ ခုမြောက် အမြင့်ဆုံးအဆောက်အအုံဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် ၁၁ ခုမြောက် အမြင့်ဆုံး အဆောက်အအုံဖြစ်သည်။

ကမ္ဘာတွင် အမြင့်ဆုံးဟိုတယ်အဆောက် အအုံ ၁၀ ခုအနက် ခုနစ်ခုသည် ဒူဘိုင်းတွင် ရှိနေပြီဖြစ်သည်။

စွမ်းအင်ကြွယ်ဝသည့် မြို့ပြနိုင်ငံ ယူအေအီးသည် စော်ဘွားပြည်နယ်ခုနစ်ကို ပေါင်းစည်းထားသည့် နိုင်ငံဖြစ်သည်။ ၂၀၂၀ ပြည့် နှစ်တွင် ကမ္ဘာ့ကုန်သွယ်ရေး ပွဲတော်ကို လက်ခံကျင်းပရန် စီစဉ်ထားသည့် ဒူဘိုင်းသည် နှစ်စဉ်ကမ္ဘာလှည့်ခရီးသွား သန်း ၂၀ ခန့် ဆွဲဆောင်ရန် ရည်မှန်းထားသည်။

သဲကန္တာရစော်ဘွားများပြည်ထောင်စုက ခမ်းနားထည်ဝါသော ရှော့ပင်းမောလ်ကြီးများ၊ ဇိမ်ခံအပန်းဖြေစခန်းများ တည်ဆောက်ထားပြီး ရုံတွင်း ရေခဲစကိတ်စီးစခန်းပင် ပိုင်ဆိုင်ထားသည်။

အပြည်ပြည်ဆိုင်ရာ လေကြောင်းခရီးစဉ်များ၏ တစ်ထောက်နား ဗဟိုချက်အဖြစ်  တည်ဆောက်နေသော ဒူဘိုင်းလေဆိပ်သည် ၂၀၁၇ ခုနှစ်တွင် ၈၈ ဒသမ ၂ သန်းကို ၀န်ဆောင်မှုပေးခဲ့ပြီး ကမ္ဘာတွင် အစည်ကားဆုံး လေဆိပ်အဖြစ် လေးနှစ်ဆက်တိုက် ရပ်တည် ထားသည်။

 

 














Copy Protected by Chetan's WP-Copyprotect.