တောင်ကိုရီးယားသမ္မတမွန်းက ကင်ဂျုံအွန်၏ညီမဖြစ်သူနှင့်အတူ ဖျော်ဖြေပွဲ ကြည့်ရှုခဲ့

တောင်ကိုရီးယားသမ္မတမွန်းက ကင်ဂျုံအွန်၏ညီမဖြစ်သူနှင့်အတူ ဖျော်ဖြေပွဲ ကြည့်ရှုခဲ့
Published 13 February 2018

ဖေဖော်ဝါရီ ၁၁ ရက်က ဆိုးလ်ရှိ အမျိုးသားပြဇာတ်ရုံတွင် မြောက်ကိုရီးယား သံစုံတီးဝိုင်း၏ ဖျော်ဖြေမှုကိုကြည့်ရှုနေသော တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း(ယာ)နှင့် ကင်ယိုဂျုံ(လယ်) (Photo: AFP)

တောင်ကိုရီးယားတွင် ကွန်ဆာဗေးတစ်ဝါဒီ ဆန္ဒပြသူများက မြောက်ကိုရီးယားအလံအား ဖေဖော်ဝါရီ ၁၁ ရက်၌မီးရှိုခဲ့ကြစဉ် ဆိုးလ်တွင် ပြုံယမ်းမှ ဂီတပညာရှင်များ၏ ဖျော်ဖြေသည့်ပွဲတစ်ခုကို တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးညီမဖြစ်သူ ကင်ယိုဂျုံတို့ ယှဉ်တွဲထိုင်လျက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ယင်းဖျော်ဖြေပွဲသည် မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့၏ သမိုင်းဝင်ခရီးစဉ်မှ နောက်ဆုံးအစီအစဉ်တစ်ခုဖြစ်ပြီး ဖျော်ဖြေပွဲအပြီး၌ ယင်းအဖွဲ့က မြောက်ကိုရီးယားသို့ ပြန်သွားခဲ့ကြောင်း သိရသည်။

ယင်းကိုယ်စားလှယ်အဖွဲ့သည် ပြုံချန် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ၌ မွန်းနှင့် အတူ အားကစားရုံထဲတွင် ကင်ချီနှင့် ဆိုဂျု တို့သောက်ခဲ့ကြပြီး ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းထားသော အမျိုးသမီးရေခဲပြင်ဟော်ကီအသင်း၏ ယှဉ်ပြိုင်မှုအား အားပေးခဲ့ကြသည်။

ကင်ဂျုံအွန်က မွန်းအား မြောက်ကိုရီးယားတွင် ထိပ်သီးပြုလုပ်ရန်အတွက် ဖိတ်ကြားခဲ့သည့် သတင်းစကားကို ၎င်း၏ညီမ ဖြစ်သူနှင့် မြောက်ကိုရီးယားအထူးသံတမန်ဖြစ်သူ ကင်ယိုဂျုံက ဖေဖော်ဝါရီ ၁၀ ရက်တွင် မွန်းအား ပြောကြားခဲ့သည်။ ကင်ယိုဂျုံသည် ကိုရီးယားနှစ်နိုင်ငံကွဲပြားစေခဲ့သော ကိုရီးယားစစ်ပွဲအပြီးတွင် တောင်ကိုရီးယားသို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့သည့် မြောက်ကိုရီးယား အာဏာရမျိုးဆက်၏ မိသားစုဝင်တစ်ဦးဖြစ်သည်။

ဖေဖော်ဝါရီ ၁၁ ရက်က ဖျော်ဖြေပွဲတွင် ယိုဂျုံသည် တောင်ကိုရီးယားသမ္မတမွန်းနှင့် မြောက်ကိုရီးယား၏ ရုပ်ပြခေါင်းဆောင် ကင်ယောင်နမ်တို့အကြား နေထိုင်ပြီး ဖျော်ဖြေပွဲကို အားပေးခဲ့ကြောင်း ဓာတ်ပုံများတွင် တွေ့ ခဲ့ရသည်။ ပြုံယမ်း၏ Samjuyon သံစုံတီးဝိုင်း ဖြင့် ဖျော်ဖြေမှုတွင် တောင်ကိုရီးယားထိပ်တန်း အမျိုးသမီးအဆိုတော်အဖွဲ့ Girls Generation မှ ဆိုဟွန်းက အံ့အားသင့်ဖွယ် ပါဝင်ခဲ့သည်။ အထီးကျန် မြောက်ကိုရီးယားက အိုလံပစ်ပြိုင်ပွဲသို့ စေလွှတ်ခဲ့သည့် ရာပေါင်းများစွာသော အားကစားသမားများ၊ အားပေး သူများနှင့် အခြားသူများတွင် ယင်းသံစုံတီးဝိုင်းလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားထိပ်တန်းတာဝန်ရှိသူများနှင့်အတူ အစောပိုင်း ညစာစားပွဲတစ်ခု၌ ယိုဂျုံက ကိုရီးယားနှစ်နိုင်ငံအကြား ဆယ်စုနှစ်များစွာ ကွဲပြားနေခဲ့သော်လည်း တူညီမှုအများအပြား ရှိနေဆဲဖြစ်ကြောင်းကို တွေ့ရှိခဲ့ရဟု ပြောကြားခဲ့သည်။ တောင်ကိုရီးယားသို့ မလာရောက်မီကမူ ယိုဂျုံက ကိုရီးယား နှစ်နိုင်ငံအကြား အလွန်အမင်းကွဲပြားနေပြီး စိမ်းနေမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်ဟု မွန်း၏ရုံးက ထုတ်ပြန်ခဲ့သည်။

ငြိမ်းချမ်းရေးလိုလားသော မွန်း၏ ကိုရီးယားနှစ်နိုင်ငံအကြား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများအား ကွန်ဆာဗေးတစ်များက ဒေါသထွက်ခဲ့ကြပြီး မွန်းသည် မြောက်ကိုရီးယား စာနာသူတစ်ဦးဖြစ်သည်ဟု စွပ်စွဲလျက် အမေရိကန်နှင့် လုံခြုံရေးမဟာမိတ်ဖွဲ့မှုကို အားလျော့စေခဲ့သည်ဟု ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။

အိုလံပစ်ပြိုင်ပွဲကျင်းပသည့် အားကစားရုံအပြင်ဘက်တွင် စုဝေးနေသည့် ဒါဇင်နှင့်ချီသော ဆန္ဒပြသူများက မွန်းနှင့်ကင်ဂျုံအွန်တို့ အား ရှုတ်ချသည့်စာတန်းများနှင့် နိုင်ငံရေးဆန်သည့် ရုပ်ဆိုးသောအိုလံပစ်ကို ဆန့်ကျင်ကြောင်း စာတန်းများကို ကိုင်ဆောင်ခဲ့ကြသည်။

 

 

Most Read

Most Recent