ရုရှားခရီးသည်တင် လေယာဉ်ပျက်ကျသဖြင့် လေယာဉ်ပေါ်ပါလာသူ ၇၁ ဦးစလုံး သေဆုံး

ရုရှားခရီးသည်တင် လေယာဉ်ပျက်ကျသဖြင့် လေယာဉ်ပေါ်ပါလာသူ ၇၁ ဦးစလုံး သေဆုံး
Published 12 February 2018

ဖေဖော်ဝါရီ ၁၁ ရက်က လူပေါင်း ၇၁ ဦး တင်ဆောင်လာခဲ့သော ရုရှားခရီးသည်တင် လေယာဉ် Antonov An  - 148 သည် မော်စကိုမြို့ ဒိုမိုဒီဒိုဗိုလေဆိပ်မှ ပျံတက်ခဲ့ပြီးနောက် ယင်းမြို့နှင့် မိုင် ၅၀ ခန့်အကွာတွင် ပျက်ကျသွားခဲ့သဖြင့် လေယာဉ်ပေါ်တွင်ပါလာသူအားလုံး သေဆုံးသွားခဲ့သည်။

ပျက်ကျသွားသောလေယာဉ်မှာ ပြည်တွင်းလေကြောင်းလိုင်း ဆာရာတော့ဗ်မှဖြစ်ပြီး မော်စကိုမြို့မှ အူရယ်ဒေသရှိ အော့စ်မြို့သို့ ပျံသန်းစဉ် ရာမန်စကီးခရိုင်တွင် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်။

“လေယာဉ်ပေါ်မှာ ခရီးသည် ၆၅ ဦးနဲ့ လေယာဉ်အမှုထမ်းခြောက်ဦး လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့အားလုံး သေဆုံးသွားခဲ့ပါတယ်” ဟု ရုရှားသယ်ယူပို့ဆောင်ရေးဌာန စုံစမ်းစစ်ဆေးမှုရုံးက ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Antonov An  - 148 လေယာဉ်သည် မီးလောင်လျက်ကောင်းကင်မှ ထိုးကျလာခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ရာအနီးရှိ ရွာတစ်ရွာမှ မျက်မြင်များက ပြောကြားခဲ့ကြသည်။

ပျက်ကျရာတွင် အသက်ဆုံးရှုံးသွားခဲ့ကြသူများ၏ ဆွေမျိုးများကိုယ်စား အလွန်အမင်း ဝမ်းနည်းကြောင်း သမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်ဟု ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က သတင်းထောက်များကို ပြောသည်။

ရုရှားနိုင်ငံပိုင်ရုပ်သံကလည်း ပျက်ကျသည့် နေရာကို ရိုက်ကူးထားသည့် ဗီဒီယိုအား ထုတ်လွှင့်ပြသခဲ့ပြီး နှင်းထဲတွင် လေယာဉ်အပျက်အစီး အစိတ်အပိုင်းများကို ၎င်းဗီဒီယိုတွင် မြင်တွေ့ခဲ့ကြရသည်။ မကြာသေးခင် ရက်ပိုင်းများတွင် ရုရှားနိုင်ငံ၌ စံချိန်တင် ဆီးနှင်းကျဆင်းမှုဖြစ်ပေါ်ခဲ့ပြီး မြင်ကွင်း ကြည်လင်ပြတ်သားမှု အားနည်းခဲ့သည်။

ပျက်ကျသွားသောလေယာဉ်မှာ သက်တမ်း ခုနစ်နှစ်ရှိပြီဖြစ်ပြီး လွန်ခဲ့သော တစ်နှစ်ကျော်က အခြားသော ရုရှားလေကြောင်းလိုင်း တစ်ခုထံမှ ဆာရာတော့ဗ်လေကြောင်းလိုင်းက ဝယ်ယူခဲ့သည့် ရုရှားလုပ်လေယာဉ် ဖြစ်သည်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်သားများသည် ပျက်ကျသည့်နေရာသို့ ကားဖြင့်သွား ရောက်နိုင်သည့် အနေအထားမရှိသောကြောင့် ၎င်းတို့သည် လေယာဉ်အပျက်ဆီသို့ လမ်းလျှောက်သွားခဲ့ကြရသည်ဟု ရုရှားမီဒီယာက ဖော်ပြခဲ့သည်။ အခင်းဖြစ်ရာနေရာတွင် ကယ်ဆယ်ရေးလုပ်သား ၁၅၀ ကျော်ကို ချထားပေးခဲ့သည်ဟု အရေးပေါ်ကယ်ဆယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်သည် မြေပြင်မှ ပျံတက်ခဲ့ပြီးနောက် လေးမိနစ်ဝန်းကျင်တွင် ရေဒါမျက်နှာပြင်မှ ပျောက်သွားခဲ့သည်ဟု သယ်ယူပို့ဆောင်ရေးဌာန စုံစမ်းစစ်ဆေးမှုရုံးက ပြောကြားခဲ့သည်။  ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးသည်လည်း အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့သည်ဟု သတင်းအေဂျင်စီများက ဖော်ပြခဲ့ကြသည်။

Ref ; AFP

Most Read

Most Recent