အိန္ဒိယ ကက်ရှ်မီးယားဒေသမှ တပ်စခန်းတစ်ခုကို စစ်သွေးကြွများက ဝင်တိုက်ရာ စစ်သားနှစ်ဦးအပါအဝင် လေးဦး သေဆုံး

အိန္ဒိယ ကက်ရှ်မီးယားဒေသမှ တပ်စခန်းတစ်ခုကို စစ်သွေးကြွများက ဝင်တိုက်ရာ စစ်သားနှစ်ဦးအပါအဝင် လေးဦး သေဆုံး
Published 12 February 2018

စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားနေသည့် ဆန်ဂျူဝမ်စစ်စခန်း၏ ဝင်ပေါက်ကို ဖေဖော်ဝါရီ ၁၀ ရက်က တွေ့ရစဉ် (Photo -AFP)

အိန္ဒိယအစိုးရက ထိန်းချုပ်ထားသော ကက်ရှ်မီးယားထဲရှိ ဂျမ်မူဒေသမှ စစ်အခြေ စိုက်စခန်းတစ်ခုကို စစ်သွေးကြွသူပုန်ဟု သံသယရှိသူတစ်ဖွဲ့သည် ဖေဖော်ဝါရီ ၁၀ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်အထိ မပြီးဆုံးသေးသော ထိုတိုက်ခိုက်မှုအတွင်း စစ်သားနှစ်ဦးနှင့် တိုက်ခိုက်သူနှစ်ဦး သေဆုံးခဲ့ပြီဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားခဲ့သည်။

အာရုံမတက်မီအချိန်က စတင်ခဲ့သည့် ယင်းတိုက်ခိုက်မှုအတွင်း အမျိုးသမီးနှင့် ကလေးများအပါအဝင် အခြားကိုးဦးလည်း ဒဏ်ရာရသွားခဲ့ကြောင်း သိရသည်။ လက်နက်ကြီးများ ကိုင်ဆောင်ထားသည့် စစ်သွေး ကြွတို့သည် ဂျမ်မူအနီးရှိ ဆန်ဂျူဝမ်စစ်တပ် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဂျမ်မူမြို့သည် ပါကစ္စတန်နှင့် ထိစပ်နေပြီး ပိုင်နက်အငြင်းပွားနေသည့် ဟိမဝန္တာဒေသကက်ရှ်မီးယားထဲမှ ဒုတိယမြောက် အကြီးဆုံးမြို့ဖြစ်သည်။

“လက်နက်ကြီးတွေ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားနှစ်ဦးကို စစ်တပ်က သတ်နိုင်ခဲ့ပါတယ်။ ဂျူနီယာပြန်တမ်းဝန်အရာရှိ တစ်ဦးနဲ့ အကြပ်တစ်ဦးတို့လည်း တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့ကြပါတယ်။ အမျိုးသမီးနဲ့ ကလေးငါးဦးအပါအဝင် ဒဏ်ရာရသူ ကိုးဦးရှိပါတယ်” ဟု ဖေဖော်ဝါရီ ၁၀ ရက် နှောင်းပိုင်းက စစ်တပ်ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

စစ်ဆင်ရေးသည် ညပိုင်းအထိ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ တပ်စခန်းထဲတွင် မည်၍မည်မျှမှန်းမသိရသော တိုက်ခိုက်ရေးသမားများမှာ ဆက်လက်ပုန်း ခိုနေကြဆဲဟု သိရသည်။

သေဆုံးခဲ့သည့် စစ်သွေးကြွတို့ထံမှ လက်နက်ခဲယမ်းများနှင့်အတူ အခြားပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့မိပြီး ၎င်းတို့သည် ပါကစ္စတန်အခြေစိုက် Jaish- e - Moham - mad (JeM)မှဖြစ်သည်ကို အတည်ပြုနိုင်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။

တိုက်ခိုက်မှုသည် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၅၅ မိနစ်အချိန်က စတင်ခဲ့သည်ဟု ဂျမ်မူဒေသဆိုင်ရာရဲချုပ် အက်စ်ဒီဆင်းက ပြောကြားခဲ့သည်။ တိုက်ခိုက်သူများသည် တပ်စခန်း၏တံတိုင်းသို့ ကျည်အမြောက်အမြားဖြင့် စတင်တိုက်ခိုက်ခဲ့ကြပြီးနောက် စခန်းထဲသို့ ဝင်လာခဲ့ကြခြင်းဖြစ်သည်။ “အခု သူတို့တတွေ မိသားစုတန်းလျားက နေရာတစ်ခုမှာ ပိတ်မိနေကြပါတယ်” ဟု ဆင်းက အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရုပ်သံသတင်းများထဲ၌ တိုက်ခိုက်မှု ဖြစ်ပွားနေသော နေရာ၏အပေါ်တွင် ရဟတ်ယာဉ်တစ်စင်း ပျံဝဲနေကာ စစ်သားများသည် တင့်ကားများဖြင့် စခန်းထဲသို့ ဝင်သွားကြသည်ကိုလည်း တွေ့ရသည်။

အထူးကွန်မန်ဒိုများ၏ တန်ပြန်စစ်ဆင်ရေးမစမီတွင် တပ်စခန်းထဲမှ မိသားစုများကို ဘေးလွတ်သို့ ရွှေ့ပြောင်းခဲ့ပြီးပြီဟု သိရသည်။ ပိတ်မိနေသော တိုက်ခိုက်သူတို့သည် မည်သည့်နိုင်ငံသားများဖြစ်ကြောင်းနှင့် မည်မျှရှိကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဟိန္ဒူအများစုနေထိုင်သည့် ဂျမ်မူမြို့သည် တောင်တန်းဒေသ၏ ခြေရင်းတွင်ရှိခြင်း ဖြစ်သည်။ ဂျမ်မူသည် အတော်အတန် ငြိမ်းချမ်းမှုရှိသော်လည်း အနီးအနားမှ စစ်စခန်းများမှာမူ စစ်သွေးကြွများ၏ ဝင်တိုက်မှုနှင့် ထပ်တလဲလဲ ကြုံနေကြရသည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလကလည်း ဂျမ်မူတွင် အလားတူတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။ ယင်းဖြစ်စဉ်အတွင်းက ပါကစ္စတန်စစ်သွေးကြွဟု သံသယရှိသူများသည် ရဲယူနီဖောင်းများဝတ်၍ ဝင်ရောက်တိုက်ခိုက်ခဲ့ကြရာ စစ်သားခုနစ်ဦး သေဆုံးခဲ့သည်။

အိန္ဒိယအစိုးရကမူ ၎င်းတို့၏ တပ်ဖွဲ့များကို တိုက်ခိုက်စေရန် ပါကစ္စတန်သည် နယ်စပ်ကိုဖြတ်ကျော်၍ လက်နက်ကိုင်စစ်သွေးကြွများအား စေလွှတ်နေသည်ဟု စွပ်စွဲလျက်ရှိသည်။ သို့သော် ယင်းစွပ်စွဲချက်ကို ပါကစ္စတန်က ငြင်းဆိုထားသည်။

Ref; AFP

Most Read

Most Recent