အာဖဂန်တွင် အသေခံရန်နှင့် ပါကစ္စတန်၌ ပို၍ခါးသီးသော ဘဝတစ်ခုခုကို ရွေးချယ်ရမည့် အာဖဂန်ဒုက္ခသည်များ

အာဖဂန်တွင် အသေခံရန်နှင့် ပါကစ္စတန်၌ ပို၍ခါးသီးသော ဘဝတစ်ခုခုကို ရွေးချယ်ရမည့် အာဖဂန်ဒုက္ခသည်များ
Published 11 February 2018

ဇန်နဝါရီ ၁၉ ရက်က အစ္စလာမ္မာဘတ်ရှိ အာဖဂန်ဒုက္ခသည်စခန်းတစ်ခုကို ရထားတစ်စင်း ဖြတ်သွားစဉ် (Photo: AFP)

အာဖဂန်နစ္စတန်တွင် သေခြင်းတရားက စောင့်ဆိုင်းနေသည်ဟု ဒုက္ခသည်မိုဟာမက်ဝါလီက ပြောကြားခဲ့သည်။ ထို့ပြင်နေရပ်သို့ ပြန်ကာ အသတ်ခံရခြင်းထက် ပါကစ္စတန်ရှိ ဒုက္ခသည်စခန်းတွင် နေထိုင်ကာ ဆိုးရွားလှသည့် အခြေအနေကို အံကြိတ်နေရခြင်းကို ပိုမိုလိုလားသည်ဟုလည်း ၎င်းက အခိုင်အမာ ပြောကြားသွားခဲ့သည်။

ပါကစ္စတန်အစိုးရသည်နိုင်ငံထဲရှိ ဒုက္ခသည်စခန်းများအတွင်း စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟုဆိုကာ ပြီးခဲ့သည့်သီတင်းပတ်များအတွင်းက အာဖဂန်ဒုက္ခသည်များကို ဖိအားပေးနေခဲ့သည်။ ထို့ပြင် အစွန်းရောက်မှုများကို အမြစ်ဖြတ်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဒုက္ခသည်များအားလုံးကို နေရပ်သို့ ပြန်ပို့ရေးအတွက်လည်း ဆော်သြနေသည်။

ဆိုဗီယက်တို့ အာဖဂန်ကို ကျူးကျော်ခဲ့သည့် လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုနီးပါးကတည်းက ပါကစ္စတန်သို့ အာဖဂန်ဒုက္ခသည်များ စတင်ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် တာလီဘန်တို့ပုန်ကန်မှု ဖြစ်ပေါ်ခဲ့ကြကာ အာဖဂန်အရပ်သားများမှာ စစ်ပွဲများနှင့်သာ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ကြရသည်။

လူပေါင်း ၁၃၀ ကို သေစေခဲ့သော တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ပြီးခဲ့သည့်ရက်များအတွင်း အာဖဂန်မြို့တော်၌ နေထိုင်သော မိသားစုထံ ဖုန်းခေါ်ဆိုမှုများထဲတွင် ကြောက်မက်ဖွယ်သတင်းများနှင့် ပြည့်နှက်နေသည်ဟု ဟောင်းနွမ်းနေသည့် ကုတ်အင်္ကျီတစ်ထည်ကို ဝတ်ထားသည့်ဝါလီက ဆိုသည်။

“ကြောက်စရာကောင်းတဲ့ တိုက်ခိုက်မှုတွေ၊ ဗုံးခွဲသမားတွေ ကိုယ်ဘာသာကိုယ်ပြန်ဖောက်ခွဲတဲ့ အကြောင်းတွေကလွဲပြီး အခြားအကြောင်း မကြားခဲ့ရပါဘူး” ဟု သစ်သီးရောင်းချခြင်းဖြင့် အသက်မွေးသူဝါလီက ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံထဲတွင် နေထိုင်နေသော မှတ်ပုံတင်ထားသည့် အာဖဂန်ဒုက္ခသည်ဦးရေမှာ ၁ ဒသမ ၄ သန်းခန့်ရှိသည်ဟု ကုလသမဂ္ဂက ဆိုသည်။ ထို့ပြင် စာရင်းမရှိသည့် ဒုက္ခသည် ၇၀၀၀၀၀ ခန့်လည်း ပါကစ္စတန်တွင် ရှိနေလိမ့်ဦးမည်ဟု ယုံကြည်ရသည်။

ပါကစ္စတန်တို့သည် အာဖဂန်ဒုက္ခသည်များအား သံသယမျက်လုံးဖြင့် ကြည့်နေကြသည်မှာ ကာလရှည်ကြာရှိပြီဖြစ်သည်။ ပါကစ္စတန်ရဲများကလည်း ထိုဒုက္ခသည်များကို အကြမ်းဖက်ခြင်း၊ တစ်ဖက်သတ် ဖမ်းဆီးမှုများပြုလုပ်ပြီး ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်နေသည်ဟု စွပ်စွဲမှုများရှိနေသည်။

ပါကစ္စတန်သည် စစ်သွေးကြွများကို ခိုလှုံခွင့်ပေးထားသည်ဟုဆိုကာ အမေရိကန်က ဖိအားများ တိုးမြှင့်ပေးလာသည့်အတွက် ပါကစ္စတန် အစိုးရအရာရှိများကြားတွင် ဒုက္ခသည်ဆန့်ကျင်ရေး လေလုံးများသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့သည်။

“ပါကစ္စတန်ထဲမှာ အာဖဂန် ဒုက္ခသည်တွေရှိနေတဲ့အတွက် အာဖဂန်အကြမ်းဖက်သမားတွေက ရောနှောနေနိုင်ဖို့ ကူညီအားပေးရာ ရောက်ပါတယ်။ ဒါကြောင့် အာဖဂန်ဒုက္ခသည်တွေကို နေရပ်သို့ စောစောပြန်ပို့ဖို့ အလေးပေး လုပ်ဆောင်နေပါတယ်” ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ပါကစ္စတန်အစိုးရ၏ ဖိအားပေးမှုသည် ဒုက္ခသည်တို့အပေါ် ပါကစ္စတန်နိုင်ငံသားများ၏ မကောင်းမြင်မှု ကြီးထွားလာသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။ အချို့သော ပါကစ္စတန်နိုင်ငံသားများက အာဖဂန်တို့သည် ကြိုဆိုသည်ထက် ပို၍နေနေကြသည်ဟု ပြောနေကြပြီဖြစ်သည်။

“လုံလောက်ပါပြီ။ ကျွန်တော်တို့ သူတို့ကို နှစ် ၄၀ လောက် ဧည့်ခံထားရတယ်။ ကျွန်တော်တို့ရဲ့ အိမ်တွေကို မျှဝေရတယ်။ ဧည့်သည်တွေလို ဆက်ဆံခဲ့ရပါတယ်” ဟု ပက်ရှ်ဝါဒေသခံတစ်ဦးဖြစ်သည့် မီမွတ်ခန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီကမူ ဒုက္ခသည်များကို ဖိအားပေးပြီး အတင်းအကျပ်နေရပ်သို့ ပြန်မပို့ရန် သတိပေးနေပြီး ဒုက္ခသည်များ၏ ဆန္ဒအလျောက်သာ လုပ်ခွင့်ပြုရန် အခိုင်အမာ တောင်းဆိုခဲ့သည်။

ဇန်နဝါရီနှောင်းပိုင်းကမူ ပါကစ္စတန်အာဏာပိုင်တို့သည် ၎င်းတို့၏ နယ်နိမိတ်ထဲမှ ထွက်ခွာသွားရေးအတွက် နောက်ဆုံးသတ်မှတ်ချိန်ကို မှတ်ပုံတင်ကတ်ကိုင်ဆောင်ထားသော ဒုက္ခသည်များအတွက် ရက် ၆၀ နောက်ဆုတ်ပေးခဲ့သည်။

သို့သော် အာဖဂန်ဘက်တွင်မူ လုံခြုံရေးအခြေအနေများမှာ ပို၍ပင်ဆိုးရွားနေသည်။

ဘာမှမကျန်တော့ဘူး

အစ္စလာမ္မာဘတ်မြို့စွန်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်နေကြသူများအနက် အာဖဂန်သို့ ပြန်လိုသည်ဟု ပြောသူတစ်ဦးမျှမရှိဘဲ ၎င်းတို့အားလုံးက လုံခြုံရေးနှင့် အလုပ်အကိုင် အခြေအနေများကို ထောက်ပြခဲ့ကြသည်။

“အမိမြေမှာ စစ်ပွဲနဲ့တိုက်ခိုက်မှုတွေကလွဲရင် ဘာမှမကျန်တော့ပါဘူး” ဟု အသက် ၆၀ အရွယ် ဟာရှာဇဒါက ဆိုသည်။ ၎င်းသည် ဆိုဗီယက်တို့ စတင်ကျူးကျော်ခဲ့သည့် လွန်ခဲ့သည့် နှစ် ၄၀ ကတည်းက အာဖဂန်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

ပြည်ပတွင် ဒုက္ခသည်အဖြစ် နေထိုင်ပြီးနောက် နေရပ်သို့ ပြန်သွားသည့် အာဖဂန် ၁၀ ဦးအနက် ခုနစ်ဦးသည် ပုန်ကန်ထကြွမှုဖြစ်စဉ်တို့ကြောင့် နောက်ထပ်နှစ်ကြိမ် နေရာထပ်မံရွှေ့ပြောင်းရကြောင်း နော်ဝေဒုက္ခသည်ကောင်စီ (NRC) ၏ စစ်တမ်းအရသိရသည်။

“အခုအချိန်ဟာ အာဖဂန်တွေကို ပြန်ပို့ရမယ့်အချိန် မဟုတ်ပါဘူး။ ဒါဟာ ဒေသတစ်ခုလုံးကို မတည်မငြိမ်ဖြစ်စေပြီး မခန့်မှန်းနိုင်တဲ့ ဒုက္ခရောက်မှုတွေကို ဦးတည်စေနိုင်ပါတယ်” ဟု NRC မှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂျန်အန်ဂျလန်က ဆိုသည်။

အာဖဂန်အစိုးရမှာလည်း ကြီးထွားလာသည့် လူဦးရေနှင့် ချည့်နဲ့သော စီးပွားရေးကို ကိုင်တွယ်ရန် အနိုင်နိုင် ရုန်းကန်နေရသဖြင့် ၎င်း၏ ဒုက္ခသည်များကို မကူညီနိုင်ဖြစ်နေသည်။

“ကျွန်တော်တို့ ငတ်ပြတ်ပါစေဦးတော့ ဒီမှာနေရတာတော့ သာပါသေးတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ မသေရတော့ဘူးပေါ့” ဟု ဝါလီက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent