မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းအား ပြုံယမ်းသို့ ဖိတ်ကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းအား ပြုံယမ်းသို့ ဖိတ်ကြား
Published 11 February 2018

ဖေဖော်ဝါရီ ၁၀ ရက်က ဆိုးလ်ရှိ သမ္မတအိမ်ပြာတော်တွင် ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံ (ဝဲ) အား နှုတ်ဆက်နေသော တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း (Photo - AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းအား ပြုံယမ်းတွင် ထိပ်သီးကျင်းပရန်အတွက် ဖေဖော်ဝါရီ ၁၀ ရက်၌ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ တောင်ကိုရီးယားသို့ သမိုင်းဝင် ခရီးစဉ်သွားရောက်ခဲ့သည့် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယိုဂျုံမှတစ်ဆင့် ပေးပို့လိုက်သည့် ယင်းဖိတ်ကြားစာတွင် ကင်ဂျုံအွန်က တောင်ကိုရီးယားခေါင်းဆောင်နှင့် အမြန်ဆုံး တွေ့ဆုံနိုင်ရန်ဆန္ဒရှိနေကြောင်း ဖော်ပြထားသည်ဟု တောင်ကိုရီးယား သမ္မတအိမ်ပြာတော်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

ကင်ဂျုံအွန်၏ဖခင်ဖြစ်သူ ကင်ဂျုံအီသည် တောင်ကိုရီးယားသမ္မတကင်ဒေးဂျုံနှင့် နိုမူဟွန်းတို့ကို ပြုံယမ်းတွင် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၇ ခုနှစ်တို့၌ တွေ့ဆုံခဲ့ပြီးနောက် ယခုဆွေးနွေးပွဲဖြစ်မြောက်ပါက ကိုရီးယား နှစ်နိုင်ငံအကြား တတိယအကြိမ်မြောက် ထိပ်သီးဖြစ်လာမည် ဖြစ်သည်။ သို့သော် ယင်းဆွေးနွေးပွဲသည် နျူကလီးယား လက်နက်များ တည်ဆောက်နေသော မြောက်ကိုရီးယားအား ဆွေးနွေးပွဲသို့ လာရောက်နိုင်ရန်အတွက် ကာလရှည်ကြာ ကြိုးပမ်းနေသော မွန်းနှင့် ကင်ဂျုံအွန်နှင့် အပြန်အလှန် စော်ကားမှုနှင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့အကြား သဘောထားကွဲပြားမှုများ ဖြစ်လာစေနိုင်သည်။

မွန်းသည် ကင်ယိုဂျုံနှင့် တောင်ကိုရီးယားသို့ သွားရောက်ခဲ့ဖူးသမျှတွင် မြောက်ကိုရီးယား၏ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာမည့် အဆောင်အယောင်မျှသာဖြစ်သော ခေါင်းဆောင် ကင်ယုံနန်တို့ကို ဖေဖော်ဝါရီ ၁၀ ရက်တွင် အိမ်ပြာတော်၌ သမိုင်းဝင်တွေ့ဆုံခဲ့ပြီး နေ့လယ်စာဖြင့်ဧည့်ခံခဲ့သည်။ ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေးတိုးတက်စေရန် ဆန္ဒရှိကြောင်း အစ်ကိုဖြစ်သူ ကင်ဂျုံအွန် ရေးသားထားသည့် စာတစ်စောင်ကို မြောက်ကိုရီးယား အထူးကိုယ်စားလှယ် ကင်ယိုဂျုံက မွန်းကိုပေးခဲ့ပြီး မွန်းအား မြောက်ကိုရီးယားသို့ အဆင်ပြေသည့်အချိန်တွင် လာရောက်ရန် ကင်ဂျုံအွန်၏ ကမ်းလှမ်းမှုကို ကင်ယိုဂျုံက နှုတ်ဖြင့် ပြောကြားခဲ့ကြောင်း မွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် Kim Eui - kyeom က ပြောကြားခဲ့သည်။

ယင်းဖိတ်ကြားမှုအား မွန်းကချက်ချင်း လက်မခံခဲ့ဘဲ ယင်းကဲ့သို့ ခရီးစဉ်ဖြစ်မြောက်လာစေရန်အတွက် သင့်တော်သောအခြေအနေများ ဖန်တီးပေးရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ပြုံယမ်းအနေဖြင့် အမေရိကန်နှင့် ဆွေးနွေးနိုင်ရန်အတွက် တက်တက်ကြွကြွ ဆောင်ရွက်သင့်ကြောင်း မွန်းက တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီ ၈ ရက်က ပြုံယမ်းတွင် ပြုလုပ်ခဲ့သော စစ်ရေးပြပွဲ၌ တိုက်ချင်းပစ်ပဲ့ ထိန်းဒုံးများအား ပြသခဲ့သည့် မြောက်ကိုရီးယား၏ ယင်းကဲ့သို့သံတမန်ရေးရာ ကြိုးပမ်းမှုများသည် ၎င်းတို့အား ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများအား လျော့သွားစေရန်၊ အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား မဟာမိတ်ဖွဲ့ထားမှုကို အားလျော့သွားစေရန် ရည်ရွယ်နေခြင်းဖြစ်ကြောင်း လေ့လာသူအများအပြားက ယူဆထားကြသည်။

Ref; AFP

Most Read

Most Recent