ဆီးရီးယားရှိ အီရန်လိုလားသော စစ်သွေးကြွများက အမေရိကန်၏ တင့်ကားများကို အသုံးပြုခဲ့

ဆီးရီးယားရှိ အီရန်လိုလားသော စစ်သွေးကြွများက အမေရိကန်၏ တင့်ကားများကို အသုံးပြုခဲ့
Published 11 February 2018

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က ရိုမေးနီးယားရှိ လေတပ်စခန်းတစ်ခု၌ အမေရိကန် တင့်ကားတစ်စီးအား အတင်အချ ပြုလုပ်နေစဉ် (Photo - AFP)

ဆီးရီးယားနိုင်ငံထဲမှ IS တို့ကို တိုက်ခိုက်နေသည့် အီရန်လိုလားသော ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့သည် အီရတ်သို့ ရောင်းချခဲ့သော အမေရိကန်၏ Abrams တင့်ကားများကို အသုံးပြုခဲ့ကြကြောင်း ပင်တဂွန်က ဖေဖော်ဝါရီ ၉ ရက်တွင်ထုတ်ပြန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ထိုတင့်ကားများသည် အီရတ်စစ်တပ်၏ လက်ထဲသို့ ပြန်ရောက်ခဲ့သည်ဟု ပင်တဂွန်၏ ပြောခွင့်ရပုဂ္ဂိုလ် အဲရစ်ပါဟွန်က ပြောကြားခဲ့သည်။

M1 Abrams တင့်ကားများကို လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအကြာက အီရတ်သို့ အမေရိကန်က ရောင်းချခဲ့ခြင်းဖြစ်သော်လည်း အမေရိကန်သည် ရှီအိုက် Popular Mobilization Forces(PMF) အဖွဲ့သို့ ကာကွယ်ရေး စစ်လက်နက်ပစ္စည်းပံ့ပိုးခဲ့ခြင်း မရှိကြောင်း ပါဟွန်က ဆိုသည်။ ဥပဒေအရမူ  PMF သည် အီရတ်လုံခြုံရေးအင်အားစု  (ISF) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

အီရန်အစိုးရနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် PMF သို့မဟုတ် Hashedal - Shaabi သည် ဆီးရီးယားနိုင်ငံထဲ၌ IS တို့ကို တိုက်ထုတ်ရာတွင် ထက်ထက်သန်သန် ပါဝင်ခဲ့ကြသည်။ “M1 Abrams တင့်ကားတွေအပါအဝင် အမေရိကန်ကလာတဲ့ ကာကွယ်ရေးအသုံးအဆောင်အချို့ဟာ  PMF အဖွဲ့ရဲ့ လက်ထဲကို ရောက်သွားတာ တွေ့ရပါတယ်။ ဒီအုပ်စုဟာ IS ဂျီဟတ်တွေကို တိုက်တဲ့နေရာမှာ ဒါတွေကိုသုံးပြီး တိုက်ခဲ့ကြတယ်” ဟု ၎င်းက ဆိုသည်။ ထိုတင့်ကားများ အားလုံးသည် မကြာသေးမီကမှ အီရတ်လုံခြုံရေးတပ်ဖွဲ့၏ လက်ထဲသို့ပြန်ရောက်လာကြသည်ဟု ပါဟွန်က ဆက်လက်ပြောကြားခဲ့သည်။

“အမေရိကန်ကာကွယ်ရေး အသုံးအဆောင်တွေဟာ ရည်ရွယ်တဲ့သူတွေလက်ထဲမှာပဲ ဆက်လက်ရှိနေတာသေချာစေဖို့ ကျွန်တော်တို့ စိစစ်မှုတွေ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်” ဟု ပါဟွန်က ဆိုသည်။

အီရတ်ပါလီမန်က PMF ကို ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ မူဘောင်အတွင်း လှုပ်ရှားနေသော အစိုးရ၏ အဖွဲ့အစည်းတစ်ခုအဖြစ် ယူဆထားသည်။  ဆွန်နီ IS ဂျီဟတ်များကို တိုက်ခိုက်ရန် လက်နက်စွဲကိုင်ကြရန် ရှီအိုက်ဘာသာရေး လှုံ့ဆော်မှုမှတစ်ဆင့် ၂၀၁၄ ခု နှစ်က ပေါ်ပေါက်လာသည့် ထိုအုပ်စုအပေါ် အီရန်အစိုးရ၏ လွှမ်းမိုးမှုရှိနေခြင်းနှင့် ပတ်သက်၍ အမေရိကန်က စိုးရိမ်ပူပန်နေသည်။

Ref ; AFP

Most Read

Most Recent