အီဂျစ်စစ်တပ်က ဂျီဟတ်နှိမ်နင်းရေး ပင်မစစ်ဆင်ရေးကြီးတစ်ခု စတင်ကြောင်း ကြေညာ

အီဂျစ်စစ်တပ်က ဂျီဟတ်နှိမ်နင်းရေး ပင်မစစ်ဆင်ရေးကြီးတစ်ခု စတင်ကြောင်း ကြေညာ
Published 11 February 2018

အီဂျစ်မြောက်ပိုင်းနှင့် ဆိုင်နိုင်းမြေပုံဘေးတွင် ကြေညာချက်ဖတ်ကြားခဲ့သော အီဂျစ်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာမာအယ်ရီဖိုင်အား ဖေဖော်ဝါရီ ၉ ရက်က တွေ့ရစဉ် (Photo - AFP)

အီဂျစ်စစ်တပ်သည် နိုင်းမြစ်ဝှမ်းဒေသ၊ ကာလရှည်ကြာ IS ပုန်ကန်မှု၏ ဗဟိုချက်ဖြစ်နေသော မြောက်ပိုင်း ဆိုင်နိုင်းကျွန်းဆွယ်တို့အပါအဝင် နေရာအများအပြား၌ အဓိကကျသည့် စစ်ဆင်ရေးကြီးတစ်ခု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ၈ ရက်က ကြေညာခဲ့သည်။

အီဂျစ်သမ္မတ အဗ္ဗဒူဖာတာ အယ်စီစီ ပြန်လည်ရွေးကောက်ပွဲဝင်မည့် မတ်လရွေးကောက်ပွဲမတိုင်မီ ဆိုင်နိုင်း၊ နိုင်းမြစ်ဝှမ်း၊ လစ်ဗျားနှင့် နယ်နိမိတ်ချင်းထိစပ်နေသော အနောက်ကန္တာရဒေသတို့၌ ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့်နေခြင်းလည်း ဖြစ်သည်။

‘၂၀၁၈ ဆိုင်နိုင်း စစ်ဆင်ရေး’ လုပ်ဆောင်နေသည့် ကာလအတွင်း ရဲနှင့်တပ်ဖွဲ့ဝင်တို့သည် အမြင့်ဆုံးသတိအနေအထား ရှိနေကြမည်ဟု စစ်တပ်၏ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ စစ်ဆင်ရေးအတွင်းလေတပ်နှင့် ရေတပ်တို့ပင် ပါဝင်မည်ဟု သိရသည်။

လုံခြုံရေးသတင်းရင်းမြစ်တို့၏ ပြောကြားချက်အရ မြေပြင်တွင် တပ်ဖွဲ့ဝင်များ၊ တင့်ကားနှင့် အမြောက်များအား တပ်ဖြန့်ထားစဉ် စစ်လေယာဉ်များသည် ဂျီဟတ်တို့ ပုန်းအောင်းနေသည့်နေရာသို့ ဗုံးကြဲမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ဧပြီလက တန်တာနှင့် အလက်ဇန်ဒရီယာမြို့နှစ်မြို့တွင် ခရစ်ယာန် ဘုရားကျောင်းများ၌ အသေခံဗုံးခွဲမှုနှစ်ခုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄၅ ဦးထက်မနည်း ရှိခဲ့သည်။ ယင်းနောက်ပိုင်းကတည်းက အီဂျစ်နိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာထားခြင်း ဖြစ်သည်။

‘၂၀၁၈ ဆိုင်နိုင်းစစ်ဆင်ရေး’ ၏ ရည်ရွယ်ချက်မှာ နယ်စပ်ဒေသများအား ထိန်းချုပ်နိုင်မှုပိုမိုတင်းကျပ်ရန်၊ အကြမ်းဖက်သမားများ၏ ခြေကုပ်ဖြစ်နေသည့်နေရာများအား ရှင်းလင်းရန်ဖြစ်ကြောင်း စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သူ တာမာအယ်ရီဖိုင်က ပြောကြားသွားခဲ့သည်။

ယင်းနောက်မကြာမီတွင် လေတပ်သည် ဆိုင်နိုင်းအနောက်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ နေအိမ်များ၊ ပုန်းအောင်းရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် သတင်းထပ်မံ ထွက်ပေါ်ခဲ့သည်။ ရေတပ်မှာမူ ရေကြောင်းနယ်နိမိတ်ကိုစောင့်ကြပ်ကာ အကြမ်းဖက်သမားများ အလုံးအရင်းနှင့် ဝင်လာခြင်းကို ပိတ်ဆို့ရမည် ဖြစ်သည်။

ဖေဖော်ဝါရီ ၉ ရက်မှာပင် ဟာဆန်အဖွဲ့ကို နှိမ်နင်းသည့် စစ်ဆင်ရေးတစ်ခုကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။ ဟာဆန်အဖွဲ့မှာ မွတ်စလင်ဘရားသားဟုဒ်၏ လက်နက်ကိုင်အဖွဲ့ဟု အာဏာပိုင်တို့က အမည်တပ်ခံထားရသည့် အဖွဲ့ဖြစ်သည်။

အီဂျစ်နိုင်ငံတွင် အစ္စလာမ္မစ်သမ္မတ မိုဟာမက်မော်စီအား ၂၀၁၃ ခုနှစ်တွင် စစ်တပ်က ဖြုတ်ချခဲ့ပြီးချိန်မှစပြီး လုံခြုံရေးတပ်ဖွဲ့များကို ဂျီဟတ်တို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ မြင့်တက်လာခဲ့သည်။ မြောက်ဆိုင်နိုင်းပြည်နယ်တွင် အကြမ်းဖက်မှုအများဆုံး ဖြစ်ပွားကြခြင်းဖြစ်သော်လည်း ဂျီဟတ်များသည် စစ်တပ်၊ ရဲတပ်ဖွဲ့တို့အပြင် ခရစ်ယာန်ဘုရားကျောင်းများကို ဦးတည်သည့်တိုက်ခိုက်မှုများကိုပါ လုပ်ဆောင်လာကြသည်။

Ref ;AFP

Most Read

Most Recent