ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျုံ တောင်ကိုရီးယားသို့ သမိုင်းဝင်ခရီးစဉ် ရောက်ရှိ

ကင်ဂျုံအွန်၏ညီမ ကင်ယိုဂျုံ တောင်ကိုရီးယားသို့ သမိုင်းဝင်ခရီးစဉ် ရောက်ရှိ
Published 10 February 2018

ဖေဖော်ဝါရီ ၉ ရက်က အင်ချွန်လေဆိပ်သို့ရောက်ရှိလာသော ကင်ယုံနမ် (ဝဲဒုတိယမြောက်)နှင့် ကင်ယိုဂျုံ (လယ်) တို့ကို တွေ့ရစဉ် (Photo: AFP)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံသည် ဖေဖော်ဝါရီ ၉ ရက်တွင် တောင်ကိုရီးယားသို့သွားရောက်ခဲ့ရာ ကိုရီးယားစစ်ပွဲအပြီး ပြိုင်ဘက် တောင်ကိုရီးယားသို့ သွားရောက်ခဲ့သော မြောက်ကိုရီးယားအာဏာရမျိုးဆက်မှ ပထမဆုံးမိသားစုဝင်ဖြစ်လာခဲ့သည်။

တောင်ကိုရီးယားတွင် စတင်ခဲ့သည့် ပြုံချန်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ပြန်လည်သင့်မြတ်လာကြချိန်တွင် တောင်ကိုရီးယားသို့ သွားရောက်ခဲ့သည့်မြောက်ကိုရီးယား၏ ရာထူး အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကင်ယုံနမ်ဦးဆောင်သည့် အဆင့်မြင့် သံတမန်ကိုယ်စားလှယ်အဖွဲ့တွင် ကင်ယိုဂျုံလည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား၏တရားဝင်အမည်ဖြစ်သော ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ စာသားရေးထိုးထားပြီး လေယာဉ်အမြီးတွင် မြောက်ကိုရီးယားသင်္ကေတ ဖော်ပြထားသည့် အဖြူရောင် Ilyushin-62 ဂျက်လေယာဉ်သည် ဖေဖော်ဝါရီ ၉ ရက်တွင် တောင်ကိုရီးယား မြို့တော်ဆိုးလ်အနီး အင်ချွန်လေဆိပ်သို့ ဆင်းသက်ခဲ့သည်။

ဆိုးလ်သို့ နောက်ဆုံးခြေချဖူးသည့် ကင်မိသားစုဝင်မှာ ကင်ယိုဂျုံ၏အဘိုးဖြစ်သည့် မြောက်ကိုရီးယားထူထောင်သူ ကင်အီဆွန်းဖြစ်သည်။ ကင်အီဆွန်းသည် ၁၉၅၀ ပြည့်နှစ်တွင် ၎င်း၏တပ်ဖွဲ့များက တောင်ကို ရီးယားအား ကျူးကျော်ခဲ့ပြီး ဆိုးလ်သည် ၎င်းတို့လက်အောက်သို့ကျရောက်ခဲ့ချိန်တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သားမွေးကော်လံများတပ်ထားသော အနက်ရောင်ကုတ်များ ဝတ်ထားသည့် ကင်ယုံနမ်နှင့် ကင်ယိုဂျုံတို့အား တောင်ကိုရီးယား၏ ကိုရီးယားပြန်လည်ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနှင့် အခြားတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရာသီဥတုအေးမြမှုအကြောင်း အာလပသလ္လပပြောဆိုခဲ့ကြသည်။ တောင်ကိုရီးယား တာဝန်ရှိသူများနှင့် စကားပြောစဉ် ကင်ယိုဂျုံသည် သက်သောင့်သက်သာရှိပြီး တည်ငြိမ်စွာ ပြုံးနေကြောင်း၊ ယင်းနောက် ကိုယ်ရံတော်လေးဦးက အနီးကပ်ခြံရံလျက် လေဆိပ်ခန်းမဆောင်ကို ဖြတ်ကာ အိုလံပစ်ပြိုင်ပွဲ ကျင်းပမည့် ပြုံချန်သို့သွားရန် အမြန်ရထားတစ်စင်းပေါ်သို့ တက်ရောက်ခဲ့သည်။

ကင်ယုံနမ်သည် အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ မတိုင်မီ ဖေဖော်ဝါရီ ၉ ရက်တွင် အမေရိကန် ဒုတိယသမ္မတမိုက်ပင့်စ်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ပါ တက်ရောက်မည့် ခေါင်းဆောင်များအား ဧည့်ခံပွဲသို့တက်ရောက် မည် ဖြစ်သည်။ ဖေဖော်ဝါရီ ၁၀ ရက်တွင် တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းက ပြုံယမ်းကိုယ်စားလှယ်အဖွဲ့အား နေ့လယ်စာဖြင့် ဧည့်ခံရန် စီစဉ်ထားသည်။ သို့သော် ဆင်းရဲနိမ့်ကျပြီး အထီးကျန်သောမြောက်ကိုရီးယားအား မျိုးဆက်သုံးဆက်စာ အုပ်ချုပ်လာခဲ့သည့် ကင်မျိုးဆက်မှ အဓိက မိသားစုဝင်တစ်ဦး ဖြစ်သည့် ကင်ယိုဂျုံကိုသာ အားလုံးက အာရုံစိုက်နေကြသည်။ ယိုဂျုံသည် အစ်ကိုဖြစ်သူ ကင်ဂျုံအွန်၏ သီးသန့်သတင်းစကားကို မွန်းထံ ဆောင်ယူလာဖွယ်ရှိဟု လေ့လာသူ အများအပြားက သုံးသပ်နေကြသည်။

Most Read

Most Recent