<

ပူတင်က သူ့တွင် ယခုအချိန်အထိ စမတ်ဖုန်းတစ်လုံးမရှိသေးဟု ပြောကြား

Photo: AFP

ရုရှားသမ္မတဗလာဒီမာပူတင်က ၎င်းတွင် စမတ်ဖုန်းတစ်လုံးမရှိသေးကြောင်း ဖေဖော်ဝါရီ ၈ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။ ပူတင်သည် မည်သည့်လူမှုမီဒီယာကွန်ရက်တွင်မှ ပါဝင်ရန် စိတ်ဝင်စားမှုမရှိကြောင်း ယမန်နှစ်ကလည်း ပြောကြားခဲ့ဖူးသည်။

Kurchatov   နျူကလီးယားသုတေသနဌာန၏ အကြီးအကဲဖြစ်သူ မီခေးကိုဗယ်ချော့က လူတိုင်း၏ အိတ်ကပ်ထဲတွင် စမတ်ဖုန်းတစ်လုံးရှိသည့်အကြောင်း ပြောကြားခဲ့ရာ ပူတင်က “လူတိုင်းမှာ စမတ်ဖုန်းရှိတယ်လို့ ခင်ဗျားပြောခဲ့ပေမယ့် ကျွန်တော့်မှာတော့ စမတ် ဖုန်းတစ်လုံးမရှိသေးပါဘူး”  ဟုပူတင်က ကို ဗယ်ချော့၏ ပြောစကားကို ပြန်လည် ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။ ပူတင်သည် စတုတ္ထမြောက် သမ္မတသက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည့် မတ် ၁၈ ရက်ရွေးကောက်ပွဲမတိုင်မီ ဆိုက်ဘေးရီး ယားသို့သွားရောက်ပြီး သိပ္ပံပညာရှင်များ၊ ပညာရှင်များနှင့်တွေ့ဆုံစဉ်ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

အသက် ၆၅ အရွယ်ပူတင်သည်၂၀၀၅ ခုနှစ်အထိ ၎င်းတွင် မိုဘိုင်းဖုန်းတစ်လုံးပင်မရှိကြောင်း ပြောခဲ့ဖူးပြီး အွန်လိုင်းဆက်သွယ်နိုင်မှုများအပေါ်တွင်လည်း စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်ပြီးခဲ့သည့် နှစ်များအတွင်းကလည်း ပူတင်က အင်တာနက်ဆိုသည်မှာ စီအိုင်အေ၏ အထူးပရောဂျက် တစ်ခုဖြစ်သလို ညစ်ညမ်းပြသရေးသားမှုများလည်း ထက်ဝက် ပါဝင်သည်ဟု ဆိုခဲ့သည်။

ပူတင်သည် ၂၀၁၂ ခုနှစ်တွင် သမ္မတရာထူးကို ပြန်လည်ရရှိပြီးကတည်းက အင်တာနက်လွတ်လပ်ခွင့်များကို ပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့သူဖြစ်သည်။

February 9, 2018














Copy Protected by Chetan's WP-Copyprotect.