ဘင်္ဂလားဒေ့ရှ်တရားရုံးက အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာကို ထောင်ဒဏ်ငါးနှစ် ချမှတ်

ဘင်္ဂလားဒေ့ရှ်တရားရုံးက အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာကို ထောင်ဒဏ်ငါးနှစ် ချမှတ်
Published 9 February 2018

ဒါကာတွင် ဖေဖော်ဝါရီ ၈ ရက်က လမ်းပေါ်တွင် စောင့်ကြပ်နေသော ဘင်္ဂလားဒေ့ရှ်အထူးတပ်ဖွဲ့ (RAB) မှ အဖွဲ့ဝင်များ(Photo: AP)

ဘင်္ဂလားဒေ့ရှ်တရားရုံးက အတိုက်အခံ ခေါင်းဆောင် ခါလီဒါဇီယာကို ဖေဖော်ဝါရီ ၈ ရက်တွင် ထောင်ဒဏ်ငါးနှစ် ချမှတ်ခဲ့သည်။ မိဘမဲ့များအတွက် ရန်ပုံငွေမှ ငွေကြေးများ အလွဲသုံးစားပြုမှုဖြင့် ဝန်ကြီးချုပ်နှစ်ကြိမ် ဖြစ်ခဲ့ဖူးသူ ဇီယာကို ပြစ်မှုထင်ရှားကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ခါလီဒါဇီယာကို ထောင်ဒဏ်တစ်သက် ချမှတ်နိုင်သည့် ခြစားမှု ပြစ်ဒဏ်မစီရင်မီ ဖေဖော်ဝါရီ ၈ ရက်က ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခဖြစ်ပွားခဲ့သည်။

အတိုက်အခံ တက်ကြွ လှုပ်ရှားသူများသည် ခါလီဒါဇီယာကို ခေါ်ဆောင်လာသည့်ကားအား စောင့်ကြပ်လိုက်ပါရန် တင်းကျပ်ထားသော လုံခြုံရေးအား အာခံချိုးဖောက်ခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့သုံး၍ ဖြိုခွင်းခဲ့သည်။

ဒါကာတရားရုံးဝင်းမှ မိုင်အနည်းငယ်ခန့်ဝေးသော နေရာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ရဲငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး မော်တော်ဆိုင်ကယ်နှစ်စင်း မီးရှို့ခံခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးဝါဒီပါတီ BNP ၏ ခေါင်းဆောင်ဖြစ်သော ခါလီဒါဇီယာသည် မိဘမဲ့များအတွက် ဖန်တီးထားသော ရန်ပုံငွေထံမှ ဒေါ်လာ ၂၅၂၀၀၀ ကို အလွဲသုံးစားပြုမှုဖြင့် တရားစွဲဆိုခံထားရသည်။ ခါလီဒါဇီယာက တစ်ပြားတစ်ကျပ်မှပင် မခိုးယူခဲ့ဟု အခိုင်အမာပြောကြားခဲ့ပြီး စွပ်စွဲချက်များကို ငြင်းဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက စီရင်ချက်မချမီ လမ်းမထွက် ဆန္ဒပြမှုများကို တားမြစ်ထားပြီး အတိုက်အခံ ထောက်ခံသူများကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဒါကာမြို့ရှိ လမ်းများပေါ်တွင် လုံခြုံရေးအင်အား ၅၀၀၀ ကျော် ချထားကြောင်း အကြီးတန်းအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် ပိတ်ဆို့ကျပ်တည်းနေတတ်သော ဒါကာ၏ လမ်းများပေါ်တွင် ဖေဖော်ဝါရီ ၈ ရက်က ကားများ ရှင်းလင်းနေခဲ့ကြောင်း အေအက်ဖ်ပီသတင်းထောက်က ဆိုသည်။ အာဏာပိုင်များက ဒါကာတွင် ကန့် ကွက်ဆန္ဒပြမှုများအတွက် လုံခြုံရေးတပ်လှန့်မှုကို မြှင့်တင်ထားသည်မှာ ရက်ပေါင်းများစွာ ရှိပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်က ဇီယာ၏ ဗဟိုလက်ယာယိမ်း BNP ပါတီ နှင့် အစ္စလာမ္မစ်မဟာမိတ်တို့အကြား ကန့်ကွက် ဆန္ဒပြမှုများကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့သည်။

ဇီယာသည် ခြစားမှုအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသောကြောင့် ဒီဇင်ဘာတွင် ကျင်းပရန်စီစဉ်ထားသော ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အဟန့်အတား ဖြစ်သွားခဲ့သည်။

၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် BNP က ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ပြီး ယင်းရွေးကောက်ပွဲတွင် လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာစီနာက ပြန်လည်ရွေးချယ်ခံခဲ့ရသည်။ အာဏာရှင် ခင်ပွန်းဖြစ်သူ လုပ်ကြံခံခဲ့ရပြီး နောက် ၁၉၈၀ ပြည့်လွန်နှစ်လယ်များတွင် နိုင်ငံရေးလောကသို့ ဝင်ရောက်လာခဲ့သော ဇီယာသည် အကြမ်းဖက်မှုနှင့်သက်ဆိုင်သော သီးခြားစွဲချက်များကိုလည်း ဒါဇင်နှင့်ချီ၍ ရင်ဆိုင်နေရသည်။

ဇီယာ၏သား တာရစ်ရာမင်သည် ခြစားမှုတွင် ပူးတွဲတရားခံဖြစ်ပြီး ယခုအခါ လန်ဒန်သို့ သွားရောက်ခိုလှုံနေသည်။

ရာမင်သည် ငွေကြေးခဝါချမှုဖြင့် ၂၀၁၆ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခံထားရသည်။ ဟာစီနာကို ဒဏ်ရာရစေခဲ့သော ၂၀၀၄ ခုနှစ် လက်ပစ်ဗုံးတိုက်ခိုက်မှုတွင် ပါဝင်သည်ဟူသော စွဲချက်ဖြင့် ရာမင်အား သေဒဏ်ချမှတ်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရရှေ့နေများက ပြီးခဲ့သည့်လတွင် ကြိုးပမ်းခဲ့သည်။

၂၀၀၇ ခုနှစ်တွင် စစ်တပ်က ကျောထောက်နောက်ခံပေးထားသော ဘင်္ဂလားဒေ့ရှ်အစိုးရက ဇီယာနှင့်ရာမင်တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ခြစားမှုစွဲချက်ဖြင့် တစ်နှစ်ခွဲခန့် ထိန်းသိမ်းထားခဲ့သည်။

Most Read

Most Recent