အမေရိကန်ညွန့်ပေါင်း၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားအစိုးရ ဘက်တော်သား ၁၀၀ ကျော် သေဆုံး

အမေရိကန်ညွန့်ပေါင်း၏ တိုက်ခိုက်မှုကြောင့် ဆီးရီးယားအစိုးရ ဘက်တော်သား ၁၀၀ ကျော် သေဆုံး
Published 9 February 2018

ဖေဖော်ဝါရီ ၇ ရက်က ဒမက်စကက်အပြင်ဘက်ရှိ သူပုန်ထိန်းချုပ်ထားသည့် ဒူးမားမြို့အား အစိုးရက လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်နေစဉ် ရှာဖွေမှုပြုလုပ်နေသော အမျိုးသားတစ်ဦး (Photo: AFP)

အမေရိကန်ဦးဆောင်သော ဂျီဟတ်နှိမ်နင်းရေး ညွန့်ပေါင်းသည် ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်အား သစ္စာခံသည့်တပ်ဖွဲ့များအား ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုအဖြစ် တိုက်ခိုက်ခဲ့ရာ ဆီးရီးယားအစိုးရ လိုလားသူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း အမေရိကန်စစ်ဘက်က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကောင်းမွန်စွာ အခြေကျနေပြီဖြစ်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ဌာနချုပ်များအား တိုက်ခိုက်မှုများကို  ပြန်လည်တန်ပြန်ခြင်းဖြစ်ကြောင်း အမေရိကန်၏ အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ခဲ့သည်။

SDF ၊ ညွန့်ပေါင်းတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှုများအတွင်း ဆီးရီးယားအစိုးရ လိုလားသည့် တပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း၊ SDF အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း အမေရိကန်စစ်ဘက် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တင့်ကားများ၊ အမြောက်များ၊ စိန်ပြောင်းများနှင့်အတူ ဆီးရီးယားအစိုးရ လိုလားသည့် တပ်ဖွဲ့ဝင် ၅၀၀ ခန့်သည် ဖေဖော်ဝါရီ ၇ ရက်တွင် ရန်စသည့် တိုက်ခိုက်မှုများအား စတင်ခဲ့ကြောင်း၊ ယင်းရန်စတိုက်ခိုက်လာသူများအား အမေရိကန်ညွန့်ပေါင်းက လေကြောင်းမှ ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းတာဝန်ရှိသူက ပြောကြားခဲ့သည်။

SDF ရုံးချုပ်နေရာ၏ မီတာ ၅၀၀ အတွင်းသို့ ဆီးရီးယားအစိုးရလိုလားသည့် အဖွဲ့ဝင်များ ပစ်ခတ်လိုက်သော အမြောက်နှင့်တင့်ကား ကျည်ဆန် ၂၀ မှ ၃၀ အထိ ကျရောက်လာခဲ့ပြီးနောက် အမေရိကန်ညွန့်ပေါင်းနှင့် SDF တို့ ပူးပေါင်းလျက် ယင်းရန်စတိုက်ခိုက်သူများအား လေကြောင်းနှင့် အမြောက်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဘက်တာဝန်ရှိသူက ပြောကြားခဲ့သည်။ ယင်းရန်စ တိုက်ခိုက်လာသူများသည်  ဆီးရီးယားမှ သို့မဟုတ် အီရတ်နှင့်လက်ဘနွန် အပါအဝင် ဆီးရီးယားမဟာမိတ်ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့ဖွဲ့မှ ဟုတ်မဟုတ်ကို ယင်းတာဝန်ရှိသူက အသေးစိတ် မပြောပြခဲ့ပေ။

အမေရိကန်ညွန့်ပေါင်းသည် ရုရှားနှင့်  အမေရိကန်တို့အကြား သဘောတူခဲ့သည့်  ယူဖရေးတီးမြစ်ဝှမ်း ပဋိပက္ခကင်းမဲ့ဇုန်သတ်မှတ်စည်း၏ အရှေ့ဘက် ရှစ်ကီလိုမီတာ (ငါးမိုင်) အကွာ၌ လေကြောင်းတိုက်ခိုက်မှုဆောင်ရွက်ခဲ့ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။ ယင်းကဲ့သို့ တန်ပြန်တိုက်ခိုက်မှုများ မပြုလုပ်မီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်အပြီးတို့တွင် အမေရိကန်ညွန့်ပေါင်းတာဝန်ရှိသူများက ရုရှားတာဝန်ရှိသူများနှင့် ပုံမှန်ဆက်သွယ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများတွင် ရုရှားက ပါဝင်မည်မဟုတ်ဟု ရုရှားတာဝန်ရှိသူများက အာမခံခဲ့ကြောင်း CENTCOM က ထုတ်ပြန်ခဲ့သည်။

ကာ့ဒ်များနှင့် အာရပ်တိုက်ခိုက်ရေးသမားများပါဝင်သည့် မဟာမိတ်အဖွဲ့ SDF သည် ဆီးရီးယားရှိ IS  မြို့တော် ရာကာအား သိမ်းယူနိုင်ခဲ့ပြီးနောက် ယူဖရေးတီး အရှေ့ ဘက်ကမ်းတွင် ကျန်ရှိနေသည့် IS ဂျီဟတ်များအား မောင်းထုတ်နိုင်ရန် အမေရိကန်ညွန့်ပေါင်းနှင့်အတူ  ပူးပေါင်းလုပ်ဆောင်နေသည်။ YPG သို့မဟုတ် People's Protection Units ဟုလည်း ခေါ်သည့် SDF သည် ဆီးရီးယားမြောက်ပိုင်းတွင် အမေရိကန်မဟာမိတ် တူရကီ၏ ထိုးစစ်ဆင်မှုအား ရင်ဆိုင်နေရသည်။ ဆီးရီးယားအရှေ့ပိုင်းတွင် SDF အား တိုက်ခိုက်ခံရမှုသည် ယခုအချိန်အထိ အာဆတ်လိုလားသည့် အဖွဲ့များနှင့် ထိပ်တိုက်တွေ့မှုအား ရှောင်လွှဲထားသော  SDF အတွက် နောက်ထပ်အကျပ်အတည်း ဖြစ်လာနိုင်သည်။

 

Most Read

Most Recent