တောင်ကိုရီးယားတွင် ပြုံချန်အိုလံပစ်ပြိုင်ပွဲ မကျင်းပမီ မြောက်ကိုရီးယားက စစ်ရေးပြပွဲကျင်းပ

တောင်ကိုရီးယားတွင် ပြုံချန်အိုလံပစ်ပြိုင်ပွဲ မကျင်းပမီ မြောက်ကိုရီးယားက စစ်ရေးပြပွဲကျင်းပ
Published 9 February 2018

မြောက်ကိုရီးယားရှိ နေရာဖော်ပြမထားသော တစ်နေရာ၌ စစ်ရေးလေ့ကျင့်နေသည်ကို အစိုးရသတင်းအေဂျင်စီ KCNA က ၂၀၁၇ ခုနှစ် သြဂုတ် ၂၆ ရက်၌ ထုတ်ပြန်သောဓာတ်ပုံ၌ တွေ့ရစဉ် (Photo: AFP)

တောင်ကိုရီးယားတွင် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမကျင်းပမီ တစ်ရက်အလို ဖေဖော်ဝါရီ ၈ ရက်၌ မြောက်ကိုရီးယားက  အင်အားပြမှုအဖြစ် ပြုံယမ်းတွင် စစ်ရေးပြပွဲ ကျင်းပခဲ့ကြောင်း ဆိုးလ်က ထုတ်ပြန်ခဲ့သည်။ နျူက လီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားသည် ပြုံချန်အိုလံပစ်ပြိုင်ပွဲအတွက် ဖျော်ဖြေရေးအဖွဲ့တစ်ဖွဲ့၊ အမျိုးသမီးအားပေးသည့်အဖွဲ့ဝင် ရာပေါင်းများစွာနှင့် ခေါင်းဆောင်ကင်ဂျုံအွန်၏ညီမဖြစ်သူ ကင်ယိုဂျုံတို့ကို တောင်ကိုရီးယားသို့ စေလွှတ်ခဲ့သည်။

ပြုံယမ်းတွင် မကြာသေးမီရက်များအတွင်း စစ်ရေးပြပွဲအတွက် ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်များနှင့် ရာပေါင်းများစွာသော သံချပ်ကာယာဉ်များက အကြိုလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် ဧပြီတွင် နောက်ဆုံးပြုလုပ်ခဲ့သည့် စစ်ရေးပြပွဲနှင့် မတူဘဲ ယခုစစ်ရေးပြပွဲကို အစိုးရမီဒီယာက တိုက်ရိုက်မထုတ်လွှင့်ခဲ့ပေ။ သို့သော် မြောက်ကိုရီးယားသည် ပြုံယမ်းရှိ ကင်အီဆွန်းရင် ပြင်တွင် စစ်ရေးပြပွဲတစ်ခုအား ကျင်းပခဲ့သည်ကို သိရှိခဲ့ရကြောင်း ဆိုးလ်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယင်းကဲ့သို့ နှစ်လမ်းသွားချဉ်းကပ်မှုဖြင့် တရားဝင်အသိ အမှတ်ပြု မခံရသေးသည့်  နျူကလီးယားပိုင်ဆိုင်သောနိုင်ငံ အဆင့်အတန်းကို လက်သင့်ခံလာကြစေရန် ကြိုးပမ်းနေပြီး ပိတ်ဆို့အရေးယူမှုများ အားလျော့လာစေရန် သို့မဟုတ် တောင်ကိုရီးယားနှင့် ၎င်း၏မဟာမိတ်အမေရိကန်တို့အကြား သပ်လျှိုရန် ကြိုးစားနေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

မြောက်ကိုရီးယားသည် စစ်တပ်ထူထောင်မှု အနှစ် (၇၀) ပြည့် အထိမ်းအမှတ်အခမ်းအနားအား ဧပြီ ၂၅ ရက်အစား ပြုံချန်အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲမတိုင်မီ ဖေဖော်ဝါရီ ၈ ရက်သို့ ရှေ့တိုးကျင်းပသွားမည်ဖြစ်ကြောင်း ပြီးခဲ့သောလတွင် ကြေညာခဲ့သည်။ မြောက်ကိုရီးယား စစ်ရေးပြပွဲတွင် ပုံမှန်အားဖြင့် ဒူးဆန့်လျက် စစ်ရေးပြချီတက်သော တပ်ဖွဲ့ဝင်များ၊ သံချပ်ကာယာဉ် ရာပေါင်းများစွာနှင့် ဒုံးလက်နက်များစွာကို ပြသလေ့ရှိပြီး ပြုံယမ်းအား စောင့်ကြည့်သူများက မြောက်ကိုရီးယား၏လက်နက်နည်းပညာတိုးတက်မှုကို စောင့်ကြည့်အကဲခတ်ကြရသည်။ သို့သော် ယခုစစ်ရေးပြပွဲမတိုင်မီ ဂြိုဟ်တုဓာတ်ပုံများတွင် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရကြောင်း အမေရိကန်ဝက်ဘ်ဆိုက် 38 North က ဖော်ပြခဲ့သည်။

ပြုံယမ်းသည် ယင်းစစ်ရေးပြပွဲ၏ကြီးကျယ်မှုအား ကမ္ဘာသို့ပြသရန် ရာပေါင်းများစွာသော ပြည်ပဂျာနယ်လစ်များကို ပုံမှန်ဖိတ် ခေါ်လေ့ရှိသော်လည်း ယခုစစ်ရေးပြပွဲကိုမူ ဖိတ်ကြားခဲ့ခြင်းမရှိရာ ယင်းစစ်ရေးပြပွဲအား ထိန်းချုပ်လိုကြောင်း အရိပ်အယောင်ဖြစ်နိုင်ခြေရှိဟု ရှုမြင်ခံရသည်။

အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်က ဖေဖော်ဝါရီ ၈ ရက်နှောင်းပိုင်းတွင် တောင်ကိုရီးယားသို့သွားရောက်မည်ဖြစ်ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် ပြုံချန်၌ အိုလံပစ်ပြိုင်ပွဲဖွင့်ပွဲ သို့ တက်ရောက်မည်ဖြစ်သည်။ ၎င်းသည် မြောက်ကိုရီးယား၏အဆောင်အယောင်မျှသာဖြစ်သော ခေါင်းဆောင် ကင်ယုံနမ်နှင့်အတူ တစ်ခန်းတည်းတွင် ရှိနေမည်ဖြစ်ရာ အမေရိကန်နှင့်မြောက်ကိုရီးယားတို့မှ ထိပ်တန်းခေါင်းဆောင်များအကြား ဆွေးနွေးနိုင်သည့် အလားအလာများကို မြင့်တက်စေခဲ့ သည်။

သို့သော် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူ ချိုယောင်ဆမ်က မြောက်ကိုရီးယားသည် ယင်းခရီးစဉ်အတွင်း အမေရိကန်အာဏာပိုင်များ နှင့်တွေ့ဆုံရန် ရည်ရွယ်ချက်မရှိကြောင်း ဖေဖော်ဝါရီ ၈ ရက်တွင် ပြောကြားခဲ့သည်။

Most Read

Most Recent