ဘင်္ဂါလီမွတ်စလင်ပြဿနာ၏ အရင်းအမြစ်သည် မြန်မာနိုင်ငံ၌သာရှိသောကြောင့် ဖြေရှင်းရေးအတွက် ဆက်လက်ဖိအားပေးကြရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို

ဘင်္ဂါလီမွတ်စလင်ပြဿနာ၏ အရင်းအမြစ်သည် မြန်မာနိုင်ငံ၌သာရှိသောကြောင့် ဖြေရှင်းရေးအတွက် ဆက်လက်ဖိအားပေးကြရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တောင်းဆို
Published 7 February 2018

၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ဘင်္ဂလားဒေ့ရှ် ပါလောင်ခါလီရှိ ဒုက္ခသည်စခန်းများသို့ ဝင်ရောက်ရန်ကြိုးစားနေသည့် ဘင်္ဂါလီမွတ်စလင်ဒုက္ခသည်များ (Photo: AP)

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) ပြဿနာ၏အရင်းအမြစ်သည် မြန်မာနိုင်ငံ၌သာရှိကြောင်း ဖော်ပြလျက် ဆွစ်ဇာလန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအား ယင်းအကျပ်အတည်းကို စောစီးစွာနှင့် ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် မြန်မာနိုင်ငံအား ဆက်လက်ဖိအားပေးရန် တောင်းဆိုခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်တွင် ဟာစီနာက ဆွစ်ဇာလန်သမ္မတ အလိန်းဘာဆက်နှင့် သူ၏ရုံးခန်းတွင် တွေ့ဆုံခဲ့ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ရာ၌ ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဟာစီနာက “ကျွန်မတို့ ဒီကနေ့တွေ့ဆုံမှုက အလုပ်ဖြစ်ပါတယ်။ အပြန်အလှန်ဆွေးနွေးစဉ်အတွင်း ရိုဟင်ဂျာပြဿနာကို ဆွေးနွေးခဲ့ကြပါတယ်။ ပြဿနာရဲ့အရင်းအမြစ်ဟာ မြန်မာနိုင်ငံမှာသာရှိနေတဲ့အကြောင်း ကျွန်မကပြောပြပါတယ်။ ဖြေရှင်းမှုကိုလည်း မြန်မာနိုင်ငံမှာပဲရှာရမှာပါ” ဟုပြောကြားခဲ့သည်။

“ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ အကြံပြုထားတာတွေကို အပြည့်အဝနဲ့ ချက်ချင်းအကောင်အထည်ဖော်ဖို့ ကျွန်မအထူးပြု ပြောကြားခဲ့ပါတယ်။ ဒါက ရိုဟင်ဂျာတွေရဲ့ ရေရှည်ခိုင်မြဲတဲ့ ဘေးကင်းလုံခြုံတဲ့ဂုဏ်သိက္ခာရှိတဲ့ အပြန်ခရီးအတွက် မရှိမဖြစ်အရေးကြီးလို့ပါ” ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

တွေ့ဆုံမှု၌ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ ပေါင်းဖက်ဆောင်ရွက်မှုအသစ်ကို တည်ဆောက်ရန် တစ်ခုတည်းသော အခွင့်အလမ်းကိုပေးသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ (SDG) အတွက် ၂၀၃၀ ပြည့်နှစ် အာဂျင်ဒါကို ဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

သူက ၂၀၃၀ အာဂျင်ဒါနှင့်ပတ်သက်၍ အကောင်အထည်ဖော်ရန် ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ မူဘောင်တစ်ရပ်ကို ချမှတ်ရန်အတွက် နှစ်နိုင်ငံသဘောတူညီခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်ရေးအတွက် အဓိကနယ်ပယ်များကို သတ်မှတ်ရန် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု ဟာစီနာကဆိုသည်။ သူက “ကျွန်မတို့ပူးပေါင်းသတ်မှတ်ထားတာကို အကောင်အထည်ဖော်ဖို့အတွက် လမ်းပြမြေပုံတစ်ရပ် ဖွံ့ဖြိုးလာဖို့ ကျွန်မတို့ရဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို အခု ကျွန်မတု့ိတောင်းဆိုပါမယ်” ဟုလည်း ပြောကြားခဲ့သည်။

ဟာစီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပထမဆုံးတရားဝင်လာရောက်သည့် သမိုင်းဝင်ခရီးစဉ်အတွက် အလိန်းဘာဆက်အား ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ယင်းသည် နှစ်နိုင်ငံအကြား ၄၅ နှစ်အတွင်း သံတမန်ဆက်ဆံရေး၏ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ဟု ခေါ်ဆိုခဲ့သည်။

ဟာစီနာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ဖခင်ကြီး ရှိတ်မူဂျီဘာရာမန်သည် ဆွစ်ဇာလန်နိုင်ငံအား ဒီမိုကရေစီစံတန်ဖိုးများ၊ မြင့်မားသောစီးပွားရေးအောင်မြင်မှုနှင့် (ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေးနှင့် ခိုင်မာသော ဘက်မလိုက်မှုတို့ကို ဗဟိုပြုသည့်) အတုမရှိ နိုင်ငံခြားရေးမူဝါဒတို့အတွက် အကြီးအကျယ်လေးစားခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

Most Read

Most Recent