မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် တောင်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်

မြောက်ကိုရီးယား ထိပ်တန်းခေါင်းဆောင် တောင်ကိုရီးယားသို့ သွားရောက်လည်ပတ်မည်
Published 6 February 2018

၂၀၁၆ ခုနှစ် မေ ၁၀ ရက်က ပြုံယမ်းရှိ ကင်အီဆွန်းရင်ပြင်၌ စုဝေးမှုတစ်ခုအား ဂုဏ်ပြုနေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ကင်ယုံနန် (Photo: AFP)

ပြုံယမ်း၏ နျူကလီးယားစီမံကိန်းအတွက် တစ်နှစ်ကြာတင်းမာမှုဖြစ်ပွားခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှု ပြန်လည်လျော့ကျလာနေချိန်၌ မြောက်ကိုရီးယား၏ ဟန်ပြနိုင်ငံခေါင်းဆောင် ကင်ယုံနန်သည် ယခုသီတင်းပတ်အတွင်း တောင်ကိုရီးယားသို့ သွားရောက်မည်ဖြစ်သည်။

ကင်ယုံနန်သည် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်၏ အခြားတစ်ဖက်သို့ သွားရောက်သည့်မြောက်ကိုရီးယား ခေါင်းဆောင်များတွင် ရာထူးအဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဟု ဆိုရမည်ဖြစ်သည်။

တောင်ကိုရီးယားတွင် ပြုံချန်အိုလံပစ်ပွဲတော်ကြောင့် ကိုရီးယားနှစ်နိုင်ငံအကြား ပြန်လည်ချဉ်းကပ်မှုရရှိခဲ့ပြီး ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည့် ပြုံချန်အိုလံပစ်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်မည့် ကင်ယုံနန်၏ ခရီးစဉ်က သံတမန်ဆက်ဆံရေးတွင် အမြင့်ဆုံး အခြေအနေဖြစ်လာမည်ဖြစ်သည်။ သို့သော်လည်း ကိုရီးယားနှစ်နိုင်ငံ၏ ပြန်လည်နွေးထွေးမှုသည် အားကစားပွဲတော်သက်တမ်းကို ကျော်မည်မဟုတ်ဟု လေ့လာသုံးသပ်သူအချို့က သတိပေးခဲ့သည်။

မြောက်ကိုရီးယားအာဏာရပါတီက ထိန်းချုပ်ထားသော ပါလီမန်၏ ဥက္ကဋ္ဌဖြစ်သည့် ကင်ယုံနန်နှင့်အတူ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က ခရီးစဉ်တွင် လိုက်ပါမည် ဖြစ်ကြောင်း တောင်ကိုရီးယား၏ ပြန်လည်ညီညွတ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၄ ရက်နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

ကင်ယုံနန်သည် ဖေဖော်ဝါရီ ၉ ရက် တွင် တောင်ကိုရီးယားသို့ ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်သည် သုံးရက်ကြာမည်ဖြစ်သည်။

နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် ကင်ယုံနန်သည် တောင်ကိုရီးယားသို့သွားရောက်သည့် အဆင့်မြင့်ဆုံးမြောက်ကိုရီးယား ခေါင်းဆောင်ဖြစ်သော်လည်း ၎င်းတွင် နိုင်ငံရေးအာဏာမည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

ကင်ယုံနန်၏ ကိုယ်စားလှယ်အဖွဲ့တွင် ကင်ဂျုံအွန်၏ ညာလက်ရုံးဟု ယူဆခံရသော ချိုယောင်ဟေးပါဝင်မည်ဟု အချို့လေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။ ထို့ပြင် ကင်ဂျုံအွန်၏ ညီမငယ်ဖြစ်သော ကင်ယိုဂျုံလည်း ပါဝင်နိုင်သည်ဟု အချို့က ခန့်မှန်းထားသည်။

အာဏာရအလုပ်သမားပါတီ၏ ဗဟိုကော်မတီတွင် ဒုဥက္ကဋ္ဌဖြစ်သော ချိုယောင်ဟေးသည် ၂၀၁၄ ခုနှစ်က အာရှအားကစားပွဲတော်ကာလအတွင်း တောင်ကိုရီးယားသို့  ရုတ်တရက် လာရောက်ခဲ့ဖူးသည့် မြောက်ကိုရီးယား ထိပ်တန်းတာဝန်ရှိသူသုံးဦးအနက် တစ်ဦးဖြစ်ခဲ့သည်။

ကင်ယုံနန်၏ တရားဝင်ရာထူးအရ တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းနှင့် တွေ့ဆုံနိုင်သည့် အခြေအနေရှိကြောင်း Sejong Institute မှ လေ့လာသုံးသပ်သူ ချောင်ဆောင်ချန်းက ပြောကြားခဲ့သည်။ အကယ်၍ ယင်းတွေ့ဆုံမှုဖြစ်မြောက်ခဲ့လျှင် ကင်ယုံနန်သည် မွန်းအား ပြုံယမ်းသို့ဖိတ်ခေါ်ပြီး ကင်ဂျုံအွန်နှင့် အနာဂတ်ဆွေးနွေးပွဲအတွက် စီစဉ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

Most Read

Most Recent