မြောက်ကိုရီးယားက ဆောင်းရာသီအိုလံပစ်မတိုင်မီ ကျင်းပမည့် စစ်ရေးပြပွဲအတွက် ခုခံပြောကြား

မြောက်ကိုရီးယားက ဆောင်းရာသီအိုလံပစ်မတိုင်မီ ကျင်းပမည့် စစ်ရေးပြပွဲအတွက် ခုခံပြောကြား
Published 5 February 2018

အစိုးရသတင်းဌာနမှ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည့် ပြုံယန်းထရော်လီ ဘတ်စ်ကားစက်ရုံသို့ သွားရောက်ကြည့်ရှုနေသော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ဓာတ်ပုံ (Photo- AFP)

မြောက်ကိုရီးယားသည် တောင်ကိုရီးယား၌ ဆောင်းရာသီအိုလံပစ်ပွဲတော် မစတင်မီ တစ်ရက်တွင် စစ်ရေးပြပွဲကြီးတစ်ခု ကျင်းပမည့် ကိစ္စနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၃ ရက်က ကာကွယ်ပြောကြားသွားခဲ့သည်။

မြောက်ကိုရီးယားသည် ၎င်းတို့စစ်တပ် တည်ထောင်ခြင်း၏ နှစ် ၇၀ ပြည့် နှစ်ပတ်လည် စစ်ရေးပြပွဲကို ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပရန်စီစဉ်ထားသည်။

ယခင်ကမူ မြောက်ကိုရီးယားသည် စစ်တပ်တည်ထောင်ခြင်း နှစ်ပတ်လည်စစ်ရေး ပြပွဲကို ဧပြီ ၂၅ ရက်မှာပင် ကျင်းပသည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သည်။ သို့သော်  ယခုနှစ်၏ နှစ်ပတ်လည် စစ်ရေးပြပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်တွင် လုပ်ဆောင်မည်ဟု မြောက်ကိုရီးယားအစိုးရက ဇန်နဝါရီလက ကြေညာခဲ့သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်လာလုပ်ဖို့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိပါဘူး” ဟု မြောက်ကိုရီးယား အာဏာရအလုပ်သမားပါတီ၏ အာဘော်သတင်းစာဖြစ်သော ရိုဒေါင်ရှင်မွန်တွင် ဖော်ပြခဲ့သည်။ “ဒါဟာ ဓလေ့တစ်ခုပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နိုင်ငံမဆို သူတို့စစ်တပ်ရဲ့ တည်ထောင်ခြင်း နှစ်ပတ်လည်အခမ်းအနားကို အရေးတယူလုပ်ပြီး ကျင်းပကြတာဟာ အတူတူပါပဲ” ဟု ဖော်ပြသွားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဗြောင်ချန်၌ ကျင်းပမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကိုမူ ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။

ဂြိုဟ်တုဓာတ်ပုံများအရ စစ်အင်အားပြသမှုတစ်ခုဟု ရှုမြင်ခံနေရသည့် ထိုစစ်ရေးပြပွဲအတွက် မြောက်ကိုရီးယားစစ်သားများနှင့် တင့်ကားများသည် အကြိုလေ့ကျင့်နေကြဖွယ်ရှိသည့်ပုံများကို တွေ့ရသည်။

မြောက်ကိုရီးယားသည် ဆောင်းရာသီ အိုလံပစ်၏ သွင်ပြင်အခြေအနေကို ဖျက်ဆီးပစ်ရန် ယခုကဲ့သို့ စစ်ရေးပြပွဲအချိန်ကို ပြန်လည်ပြင်ဆင်ခဲ့သည်ဟု ဝေဖန်သူများက စွပ်စွဲနေကြသည်။

ရိုဒေါင်ရှင်မွန်သတင်းစာကမူ ထိုစွပ်စွဲမှုများသည် မလိုမုန်းထားသောစိတ်ဖြင့် ပြောနေကြသည်ဟု ပြန်လည်တုံ့ပြန်ရေးသားထားပြီး မြောက်ကိုရီးယားစစ်တပ်သည်  လွန်ခဲ့သည် ဆယ်စုနှစ်ခုနစ်ခုအကြာ ဖေဖော်ဝါရီ ၈ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ရေးသားထားသည်။

တောင်ကိုရီးယား ပြန်လည်ရင်ကြားစေ့ ရေးဝန်ကြီး ချိုမြောင်ဂျွန်ကလည်း ထိုစစ်ရေးပြပွဲသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ခြေရှိသည်ဟု ပြောကြားခဲ့သည်။ သို့သော် မြောက်ကိုရီးယားသတင်းစာကမူ ထိုကဲ့သို့ ဝေဖန်မှုများသည် ဆောင်းရာသီအိုလံပစ်အဖွင့်ပွဲ၏ အခြေအနေကိုသာ ဆိုးရွားသွားစေလိမ့်မည် ဟုပြန်၍ပင် သတိပေးလိုက်သည်။ Ref ;AFP

Most Read

Most Recent