သွေးလွန်တုပ်ကွေး ကာကွယ်ဆေး အငြင်းပွားမှုက ဖိလစ်ပိုင်၏ ရောဂါကာကွယ်ရေးစစ်ပွဲကို အကြီးအကျယ် ထိခိုက်စေခဲ့

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး အငြင်းပွားမှုက ဖိလစ်ပိုင်၏ ရောဂါကာကွယ်ရေးစစ်ပွဲကို အကြီးအကျယ် ထိခိုက်စေခဲ့
Published 4 February 2018

ဖေဖော်ဝါရီ ၂ ရက်က မနီလာရှိ ကျန်းမာရေးဌာနရုံးတွင် သတင်းစာရှင်းလင်းပွဲ၌ စကားပြောနေသော ဒေါက်တာဂျူးလိယက်ဆီယိုအဂေလာ (Photo: AFP)

ကလေးများ သေဆုံးမှုအတွက် အပြစ်တင်ခံခဲ့ရသည့် အငြင်းပွားဖွယ် သွေးလွန်တုပ်ကွေး ကာကွယ်ဆေးနှင့် ပတ်သက်ပြီး ပျံ့နှံ့နေသော စိုးရိမ်မှုများက မိဘများအား ၎င်းတို့၏ကလေးများကို ကာကွယ်ဆေးထိုးနှံရေးအတွက် ငြင်းဆိုမှုများနှင့်အတူ ဖိလစ်ပိုင်၏ တားဆီးနိုင်သောရောဂါများ ကာကွယ်ရေးစစ်ပွဲကို အကြီးအကျယ် ထိခိုက်စေခဲ့သည်ဟု အကြီးတန်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရက ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် Dengvaxia ကာကွယ်ဆေးရောင်းချမှုနှင့် ဖြန့်ချိမှုကို ရပ်ဆိုင်းခဲ့ပြီးနောက် ပိုလီယို၊ ရေကျောက်၊ မေးခိုင်ရောဂါနှင့် အခြားရောဂါများအတွက် ကာကွယ်ဆေးထိုးနှံသည့် နှုန်းများသည် ပြီးခဲ့သည့်နှစ်များကထက် သိသိသာသာ ကျဆင်းခဲ့သည်ဟု ကျန်းမာရေးလက်ထောက်အတွင်းဝန် အန်းနရစ်ဒိုမင်ဂိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့ပထမဆုံး အများပြည်သူ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးထိုးနှံရေး စီမံချက်တစ်ခုအဖြစ် Dengvaxia ကာကွယ်ဆေးထိုးနှံခံခဲ့သူ ၈၃၀၀၀၀ တွင် ကလေး ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဆိုသော စွပ်စွဲမှုကိုလည်း အစိုးရက စုံစမ်းစစ်ဆေးနေသည်။

“ကျွန်တော်တို့ရဲ့ စီမံချက်တွေ ထိခိုက်နစ်နာခဲ့တယ်။ ဖိလစ်ပိုင်နိုင်ငံသားတွေက အခုအချိန်မှာ ကာကွယ်ဆေးအားလုံးကို ထိတ်လန့်နေတယ်” ဟု ဒိုမင်ဂိုက ပြောကြားခဲ့သည်။ အချို့ရောဂါများအတွက် ကာကွယ်ဆေးထိုးနှံသည့်နှုန်းများသည်လည်း ၆၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ပြီးခဲ့သည့်နှစ်များကထက် သိသိသာသာ နည်းပါးကာ ရည်မှန်းချက် ၈၅ ရာခိုင်နှုန်းအောက် ရောက်ခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံသည့်နှုန်းများ ကျဆင်းမှုကြောင့် ဖြစ်နိုင်ခြေရှိသော ကူးစက်ပျံ့နှံ့သောရောဂါများနှင့် ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရက စိုးရိမ်ပူပန်နေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် လူသန်း ၄၀၀ ကူးစက်ခံခဲ့ရပြီး ၉ç၀၀၀ ခန့် သေဆုံးခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်ကို ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက ကိုးကားဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာတွင် သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ၇၃၂ ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံသည့် လှုပ်ရှားမှုပြီးဆုံးခဲ့ပြီးနောက် နှစ်လအကြာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် Dengvaxia ကာကွယ်ဆေးထုတ်လုပ်သည့် Sanofi ကုမ္ပဏီက ယင်းကာကွယ်ဆေးသည် ရောဂါပိုးကူးစက်မခံရဖူးသူများအတွက် ပိုမိုဆိုးရွားသည့် လက္ခဏာများ ဖြစ်စေနိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းထုတ်ဖော်ချက်ကြောင့် နိုင်ငံတစ်ဝန်း အထိတ်တလန့် ဖြစ်စေခဲ့ပြီး အချို့မိဘများက ကာကွယ်ဆေးကြောင့် ၎င်းတို့၏ကလေးများ သေဆုံးခဲ့ရသည်ဟု စွပ်စွဲခဲ့သည်။

ကာကွယ်ဆေးကြောင့် သေဆုံးခဲ့သည်ဟု မည်သူကမှ သက်သေပြနိုင်ခဲ့ခြင်းမရှိဟု ပြင်သစ်ဧရာမ ဆေးကုမ္ပဏီ Sanofi က ထုတ်ပြန်ခဲ့သော်လည်း အသုံးမပြုရသေးသည့် ဆေးများအတွက် ဖိလစ်ပိုင်အစိုးရကို ငွေပြန်ပေးရန် ယင်းကုမ္ပဏီက ပြီးခဲ့သည့်လတွင် သဘောတူခဲ့သည်။

Dengvaxia ထိုးနှံခဲ့သည့် ကလေး ၁၄ ဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးခဲ့ရာတွင် ယင်းဆေးကြောင့် မည်သည့်သေဆုံးမှုမှ မဖြစ်ခဲ့ဆိုသော တိကျသည့် သက်သေမရှိခဲ့ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“Dengvaxia ကာကွယ်ဆေးထိုးထားတဲ့ကြားကနေ သေဆုံးခဲ့တဲ့ ကလေးသုံးဦးမှာ နှစ်ဦးက ကာကွယ်ဆေးမအောင်လို့ သေတာဖြစ်နိုင်တယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်ကိုးဦး၏ သေဆုံးမှုသည် သွေးလွန်တုပ်ကွေးနှင့် ဆက်စပ်မှု မရှိကြောင်း၊ နောက်ထပ်နှစ်ဦး သေဆုံးရသည့် အကြောင်းအရင်းကိုမူ အဆုံးအဖြတ် မပေးနိုင်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ကာကွယ်ဆေးကြောင့် ကလေးသုံးဦး သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ် မေးမြန်းခဲ့မှုကို စုံစမ်းစစ်ဆေးရေး ခေါင်းဆောင် Juliet Sio-Aguilar က “ကျွန်မတို့ တိတိကျကျ မပြောနိုင်ပါဘူး” ဟု ဖြေဆိုခဲ့သည်။ တစ်ရှူးနမူနာများကို နောက်ထပ်လေ့လာ စစ်ဆေးရန် လိုအပ်သေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent