<

YouTube က အစိုးရအထောက်အပံ့ သတင်းများကို အညွှန်းတပ် သတိပေးမည်

အွန်လိုင်းတွင် ဗီဒီယိုမျှဝေသည့် ၀န်ဆောင်မှုလုပ်ငန်းကြီး YouTube က ပြသနေသော အကြောင်းအရာများအား စည်းကမ်းတင်းကျပ်ရန် ကြိုးပမ်းနေချိန်တွင် အစိုးရ အထောက်အပံ့ဖြင့် ထုတ်လုပ်ပြသသော သတင်းများအား အညွှန်းတပ် သတိကြေညာပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။

အမေရိကန်တွင် စတင်မိတ်ဆက်ခဲ့သော ယင်းအပြောင်းအလဲ၌ အစိုးရသို့မဟုတ် ပြည်သူ့ဘဏ္ဍာ အထောက်အပံ့ဖြင့် ထုတ်လုပ်နေသော သတင်းများကို သီးခြားအမှတ်အသားဖြင့် ဖော်ပြပေးမည်ဖြစ်ကြောင်း YouTube ၏သတင်းဆိုင်ရာ ထုတ်ကုန်မန်နေဂျာ ဂျက်ဆာမက်က ဘလော့ဂ်တစ်ခုတွင် ရေးသားခဲ့သည်။ ယင်းအပြောင်းအလဲကြောင့် ရုရှားအတွက် ၀ါဒဖြန့်ချိပေးနေသည်ဟု ဝေဖန်ခံရသော RT ကဲ့သို့သော ရုပ်သံများအတွက် သက်ရောက်မှုရှိလာမည် ဖြစ်သည်။

အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားသည့် Radio Free Asia ၏ဗီဒီယိုတစ်ခုတွင် ယင်းအသံလွှင့်ဌာနသည် အမေရိကန်အစိုးရက တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ အပြည့်အ၀သော်လည်းကောင်း အထောက်အပံ့ပေးထားသည်ဟု YouTube က အောက်ခြေတွင် သတိပေးချက် ရေးထိုးဖော်ပြခဲ့သည်။

BBC နှင့် AFP ကဲ့သို့သော အစိုးရအထောက်အပံ့ယူ သတင်းအဖွဲ့အစည်းများ၊ အမေရိကန်အခြေစိုက် အစိုးရရုပ်မြင်သံကြား လုပ်ငန်းများသည်လည်း YouTube ၏ အညွှန်းတပ်ဖော်ပြမှုကို ခံရဖွယ်ရှိသည်။

YouTube သည် ၎င်း၏ ၀န်ဆောင်မှုအတွက် စည်းမျဉ်းများတင်းကျပ်ရန် ယခုနှစ်၌ ဦးစားပေးဆောင်ရွက်မည်ဖြစ်ပြီး စည်းကမ်းချိုးဖောက်မှုများကို စစ်ဆေးစောင့်ကြည့်ရန်အတွက် လူ ၁၀၀၀၀ ကျော်အထိ တိုးမြှင့်ခန့်ထားဖွယ်ရှိသည်။

Ref ; AFP

February 3, 2018














Copy Protected by Chetan's WP-Copyprotect.