ဗြိတိန်တွင် ရုရှားငွေကြေးများ ခဝါချမှုများကို တိုက်ဖျက်သွားမည်ဟု ဗြိတိန်ဝန်ကြီး ပြောကြား

ဗြိတိန်တွင် ရုရှားငွေကြေးများ ခဝါချမှုများကို တိုက်ဖျက်သွားမည်ဟု ဗြိတိန်ဝန်ကြီး ပြောကြား
Published 4 February 2018

၂၀၁၆ ခုနှစ် မေ ၂၃ ရက်က လန်ဒန်ရှိ မိုးမျှော်အဆောက်အအုံများအား ရိုက်ကူးထားသော ဓာတ်ပုံ (Photo - AFP)

ဗြိတိန်တွင် အကွက်ချလုပ်ဆောင်သော ရာဇဝတ်မှုအား နှိမ်နင်းမှုသစ်၌ အကျင့်ပျက်ခြစားမှုဖြင့် သံသယရှိခံရသည့် ရုရှားအစိုးရ သို့မဟုတ် နိုင်ငံအား ထိန်းချုပ်ထားသော လူနည်းစုများသည် ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုများအား မည်သို့မည်ပုံရရှိခဲ့ကြောင်းကို ရှင်းလင်းရမည်ဟု ဗြိတိန်လုံခြုံရေးနှင့် စီးပွားရေးရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီး ဘင်ဝေါလေ့စ်က ဖေဖော်ဝါ ရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ဗြိတိန်တာဝန်ရှိသူများသည် ယခုသီတင်းပတ်တွင် အာဏာစတင်သက်ဝင်သည့် ရှင်းလင်းမပြနိုင်သော ကြွယ်ဝမှုဆိုင်ရာအမိန့်များ unexplained wealth orders (UWOs) ဥပဒေသစ်ကို အသုံးပြုလျက် သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုများအား သိမ်းယူသွားမည်ဖြစ်ပြီး ပိုင်ဆိုင်သူများအနေဖြင့် ပြည့်ပြည့်စုံစုံ ရှင်းပြနိုင်သည့်အချိန်အထိ ထိန်းချုပ်ထားမည်ဖြစ်ကြောင်း ၎င်းက The Times သတင်းစာသို့ ပြောကြားခဲ့သည်။

အကျင့်ပျက်ခြစားသော နိုင်ငံရေးသမားများနှင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်သားများက ဗြိတိန်အား ဘေးကင်းခိုလှုံရာအဖြစ် အသုံးချနေမှုကို ဗြိတိန်အစိုးရက အပြည့်အဝဖြိုခွင်းရန် လိုလားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံအား အသုံးပြု၍ နှစ်စဉ်ငွေ ကြေးခဝါချမှုသည် ခန့်မှန်းခြေ ပေါင်ဘီလျံ ၉၀ (ဒေါ်လာ ၁၂၇ ဘီလျံ) ရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။ ရုရှား၏ ပါဝင်မှုနှင့် ပတ်သက်၍ ဝေါလေ့စ်က ဗြိတိန်တွင် အခြေစိုက်သော ဟန်ပြကုမ္ပဏီအများအပြားသည် အနောက်တိုင်းဘဏ်များမှတစ်ဆင့် ရုရှာငွေကြေးများအား ခဝါချရန် ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

UWOs ဥပဒေအရ ပေါင် ၅၀၀၀၀ ထက်ကျော်လွန်၍ ပိုင်ဆိုင်မှုများအား မည်သို့ရရှိခဲ့ကြောင်း မရှင်းပြနိုင်သူများထံမှ ပိုင်ဆိုင်မှုများအား ထိန်းချုပ်ခြင်းနှင့် သိမ်းယူခြင်းတို့ကို တာဝန်ရှိသူများက ဆောင်ရွက်နိုင်သည်။ လစာမြင့်မားစွာ မရရှိသော နိုင်ငံတစ်နိုင်ငံမှ လွှတ်တော်အမတ်တစ်ဦးက လန်ဒန်အလယ်ပိုင်းတွင် ဇိမ်ခံနေအိမ်တစ်လုံးအား ရုတ်တရက် ဝယ်ယူနိုင်မှုအတွက် ယင်းငွေများ မည်သို့ရရှိခဲ့ကြောင်းကို ရှင်းပြရမည်ဟု ဝေါလေ့စ်က ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent