ရုရှားက ပထမဆုံး အာကာသတွင်း လမ်းလျှောက်ခရီးစဉ် ပို့ဆောင်ရေးအတွက် စီစဉ်နေ

ရုရှားက ပထမဆုံး အာကာသတွင်း လမ်းလျှောက်ခရီးစဉ် ပို့ဆောင်ရေးအတွက် စီစဉ်နေ
Published 3 February 2018

ဇန်နဝါရီ ၂၃ ရက်က အပြည်ပြည်ဆိုင်ရာ အာကာသစခန်း အပြင်ဘက်တွင် အလုပ်လုပ်နေသော နာဆာ အာကာသယာဉ်မှူးနှစ်ဦး (Photo : AP)

ရုရှားသည် အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS) ၏အပြင်ဘက် အာကာသတွင်း၌ ခရီးသည်များကို ပထမဆုံး လမ်းလျှောက်ခရီးစဉ် စေလွှတ်နိုင်ရန် ပြင်ဆင်နေကြောင်း ရုရှားအာကာသလုပ်ငန်းကဏ္ဍမှ တာဝန်ရှိသူ တစ်ဦးက ဖေဖော်ဝါရီ ၂ ရက် တွင် ပြောကြားခဲ့သည်။

“ခရီးသည်တွေကို အာကာသတွင်း လမ်းလျှောက်ခရီးစဉ် စေလွှတ်နိုင်ဖို့ ဖြစ်နိုင်ခြေကို ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဟု ရုရှားအာကာသကုမ္ပဏီ Energia မှ ဥက္ကဋ္ဌဖြစ်သူ ဗလာဒီမာဆိုဆေ့ဗ်က ရုရှားသတင်းစာ KomsomoIskaya Pravda သို့ ပြောကြားခဲ့သည်။

“ဈေးကွက် စိစစ်သုံးသပ်ချက်အရတော့ ချမ်းသာကြွယ်ဝတဲ့ သူတွေဟာ ဒီခရီးစဉ်အတွက် ငွေပေးဖို့ အသင့်ရှိနေကြပါတယ်” ဟု ဆိုဆေ့ဗ်က သတင်းစာသို့ ပြောကြားခဲ့သည်။ ထိုကဲ့သို့ ခရီးစဉ်တစ်ခုသည် ဒေါ်လာသန်း ၁၀၀ ဝန်းကျင် (ယူရိုသန်း ၈၀) အထိ ကျသင့်သွားနိုင်ပြီး ပထမဆုံး ခရီးသည်အတွက်မူ စရိတ်သက်သာ စေနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

“ခရီးသည်တွေအနေနဲ့ အာကာသထဲမှာ လမ်းလျှောက်ပြီး ရုပ်ရှင် ဒါမှမဟုတ် ဗီဒီယိုအတိုလေးတွေ ရိုက်တာမျိုး လုပ်ဆောင်နိုင်ပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

Energia သည် ၁၉၆၁ ခုနှစ်က အာကာသထဲသို့ ပထမဆုံး လူသားစေလွှတ်မှုအဖြစ် ယူရီဂါဂါရင်ကို စေလွှတ်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ လက်ရှိတွင် Energia သည် ISS သို့ ခရီးသည်များ သယ်ယူပို့ဆောင် ပေးနိုင်ရန် NEM-2 ဟု အမည်ပေးထားသော မော်ဂျူးအသစ်ကို တည်ဆောက်နေသည်။

လူခြောက်ဦး လိုက်ပါနိုင်မည့် NEM-2 ထဲတွင် သက်သောင့် သက်သာရှိသည့် အခန်းများ၊ သန့်စင်ခန်း နှစ်ခု၊ အင်တာနက် ဝန်ဆောင်မှုတို့ ပါဝင်မည်ဟု သိရသည်။

“၂၀၁၉ ခုနှစ် လောက်မှာ လွှတ်တင်နိုင်ပါလိမ့်မယ်။ အာကာသတွင်းမှာ ဖြစ်နိုင်တဲ့ အတိုင်းအတာ အထိတော့ သက်သောင့်သက်သာ ရှိပါလိမ့်မယ်” ဟု ဆိုဆေ့ဗ်က ပြောကြားခဲ့သည်။

ယခုစီမံကိန်းတွင် မိတ်ဖက်အဖြစ်ပါဝင်ရန် အမေရိကန် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း ဘိုရင်းက စိတ်ဝင်စားနေသည်ဟု သိရသည်။

တစ်ကြိမ်လျှင် ၁၀ ရက်ကျော် ကြာမြင့်မည့် အာကာသခရီးစဉ်အား တစ်နှစ်လျှင် ခရီးသည်ငါးဦးမှ ခြောက်ဦးအထိ ပို့နိုင်မည်ဟု ဆိုဆေ့ဗ်ကဆိုသည်။

ကြီးထွားလာသော အာကာသခရီးသွား ကဏ္ဍကို လက်ရှိအချိန်တွင် အမေရိကန် အခြေစိုက် Virgin Galactic အစရှိသော အနောက်နိုင်ငံ ကုမ္ပဏီများက ကြီးစိုးထားသည်။

ရုရှားသည် ၂၀၀၉ ခုနှစ်က Crique du Soleil တည်ထောင်သူ ကနေဒါနိုင်ငံသား Guy Laliberte ကို အာကာသထဲသို့ စေလွှတ်ပေးခဲ့ဖူးသည်။ ထိုဘီလျံနာသည် ISS ၌ သီတင်းနှစ်ပတ်ကြာ နေထိုင်သွားခဲ့သည်။ အီရန်-အမေရိကန် စီးပွားရေး လုပ်ငန်းရှင် Anousheh Ansari မှာမူ ၂၀၀၆ ခုနှစ်တွင် ပထမဆုံး အမျိုးသမီး အာကာသခရီးသွား ဖြစ်လာခဲ့သည်။

Ref : AFP

Most Read

Most Recent