မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအား အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာနေရာများနှင့် ပတ်သက်၍ အထောက်အထား တွေ့ရှိ

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအား အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာနေရာများနှင့် ပတ်သက်၍ အထောက်အထား တွေ့ရှိ
Published 2 February 2018

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်များအား အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာနေရာများနှင့် ပတ်သက်၍ အထောက်အထား တွေ့ရှိ

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင်ရွာသား အများအပြားကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြီး နေရာငါးခုတွင် အစုလိုက် အပြုံလိုက် မြှုပ်နှံထားခဲ့ကြောင်း AP သတင်းဌာန၏ ကိုယ်ပိုင်စုံစမ်းဖော်ထုတ်မှုအရ သိရသည်။ AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့်သတင်း၌ အသက်ရှင်ကျန်ရစ်သူများနှင့် အသတ်ခံရသူတို့၏ ဆွေမျိုးများထံမှ သက်သေခံ ထွက်ဆိုချက်များ ပါဝင်သကဲ့သို့ တိုက်ခိုက်မှုပြီးနောက် ရိုက်ကူးထားသည့် အချိန်ရိုက်နှိပ်ပါရှိသော မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားမှုများလည်း ပါဝင်သည်။

ခန့်မှန်းမှုများအရ နှိပ်ကွပ်ခံရသော ဘင်္ဂါလီမွတ်စလင်များထဲမှ လူပေါင်း ၄၀၀ ခန့်ကို မြန်မာတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း ညွှန်ပြနေသည်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ရပ်တွင် ဂူဒါပြင်ရွာ၌ အမျိုးသားအုပ်စုတစ်စုသည် ခြင်းလုံးအားကစားနည်းအတွက် အသင်းများကို ရွေးချယ်နေစဉ် တပ်မတော်သားများက ၎င်းတို့အား စတင်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ယင်းနောက် အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်သော နိုးကာဒါသည် နောက်ပိုင်း၌ ၎င်း၏သူငယ်ချင်း ခြောက်ဦးအား သီးခြားနေရာနှစ်ခု၌ မြှုပ်နှံထားသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ သူက အလောင်းများသည် မည်သူမည်ဝါများဖြစ်ကြောင်း ၎င်းတို့ဝတ်ဆင်ထားသည့် ဘောင်းဘီတိုအရောင်များကို မှတ်မိခြင်းမှတစ်ဆင့် သိရှိရသည်ဟု ဆိုသည်။ ယင်းကဲ့သို့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုသည် သြဂုတ် ၂၇ ရက်တွင် ဖြစ်ပွားခဲ့သည်ဟု ယုံကြည်ရသည်ဟု ဆိုသည်။ တပ်မတော်သားများသည် ရက်စက်ကြမ်းကြုတ်မှု အထောက်အထားများကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများက AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

AP သတင်းဌာနက ရယူခဲ့သော ဗီဒီယို မှတ်တမ်းများက အလောင်းများကို ဖျောက်ဖျက်ရန် အက်ဆစ်များကို အသုံးပြုခဲ့ကြောင်း ညွှန်ပြနေသည်။ ခပ်တိမ်တိမ်တူးထားသော ကျင်းများအတွင်းရှိ အလောင်းများသည် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မြေပြင်ပေါ်သို့ ပေါ်လာသောကြောင့် အသက်ရှင်ကျန်ရစ်သူများက သက်သေအထောက်အထားများအဖြစ် ရိုက်ကူးနိုင်ခဲ့ကြောင်း သိရသည်။

လူ့အခွင့်အရေးအဖွဲ့မှ ဖီးလ်ရောဘတ်ဆင်က ယခုသတင်းများသည် မြန်မာနိုင်ငံ အနေဖြင့် တာဝန်ခံရေးကို တောင်းဆိုရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တာဝန်ဖြစ်ကြောင်း သတိပေးမှု မြင့်တက်လာစေခဲ့ပြီး ကုလသမဂ္ဂဦးဆောင်လျက် မြန်မာနိုင်ငံအပေါ် လက်နက်တင်သွင်းမှု ပိတ်ပင်ရန် လိုအပ်မှုကို မီးမောင်းထိုးပြခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အင်းဒင်ရွာ၌ အလောင်း ၁၀ ခုပါဝင်သည့် အစုလိုက် အပြုံလိုက် မြှုပ်နှံထားရာနေရာနှင့်ပတ်သက်၍ တာဝန်ရှိကြောင်း ဝန်ခံထားခဲ့ပြီးဖြစ်သည်။ သတ်ဖြတ်မှုများသည် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်များက အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည့်နေရာကို တွေ့ရှိခဲ့ပြီးသည့် ဒီဇင်ဘာလကျမှသာ အသိအမှတ်ပြုခဲ့ပြီး သေဆုံးခဲ့သူများသည် အကြမ်းဖက်သမားများသာဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

“အလောင်းတွေ ရုပ်ပျက်သွားအောင်နဲ့ ဘယ်သူဘယ်ဝါလဲဆိုတာ ဆုံးဖြတ်ရပိုပြီး ခက်ခဲသွားအောင်လုပ်ဖို့ စစ်သားတွေက ဂူဒါပြင်ရွာကို အက်ဆစ်ပုံးတွေ သယ်သွားခဲ့ပါတယ်။ အထူးသဖြင့် ဒါက ပိုပြီးပြစ်တင်ရှုတ်ချဖို့ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက အဲဒီရက်စက် ကြမ်းကြုတ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ကြိုတင်စီစဉ်ထားတယ်ဆိုတာ ပြနေလို့ပါ။ ဒီလူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာတပ်မတော်က စစ်ဆင်ရေးမှူးတွေနဲ့ စစ်သားတွေကို ဖော်ထုတ်ပြီး အဆင့်လိုက်ပစ်မှတ်ထား ပိတ်ဆို့မှုတွေလုပ်ဖို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်တို့အနေနဲ့ အလေးအနက်ထားဖို့ အချိန်ကျပါပြီ” ဟု ရောဘတ်ဆင်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent