ဖိလစ်ပိုင်တွင် ၆ ဒသမ ၂ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်

ဖိလစ်ပိုင်တွင် ၆ ဒသမ ၂ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်
Published 11 August 2017

ငလျင်လှုပ်ခတ်ပြီးနောက် မနီလာတွင် သြဂုတ် ၁၁ ရက်က တရားရုံးတစ်ရုံး၏ အပြင်ဘက်၌ စုဝေးနေကြသူများ (Photo: AFP)

ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော်တောင်ပိုင်းရှိ ဒေသတစ်ခုတွင် ပြင်းအား ၆ ဒသမ ၂ အဆင့်ရှိသည့် ငလျင်တစ်ခု သြဂုတ် ၁၁ ရက်က လှုပ်ခတ်ခဲ့ရာ မနီလာနှင့် အနီးအနားရှိ ဒေသများမှ အဆောက်အအုံများ ယိမ်းထိုး လှုပ်ယမ်းသွားကြသည်ဟု မြေငလျင်ပညာရှင်များနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

လီယန်ကမ်းရိုးတန်းမြို့နှင့် မဝေးသော ကမ်းလွန်ပင်လယ်ပြင်တွင် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၈ မိနစ်က ထိုငလျင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက်အနက် ၁၇၃ ကီလိုမီတာ (၁၀၇ မိုင်) တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒဌာနက ထုတ်ပြန်ခဲ့သည်။ အမေရိကန် ဘူမိဗေဒဌာနက ပြင်းအား ၆ ဒသမ ၂ အဆင့် ရှိသည်ဟု ဆိုသည်။

“ငလျင်ရဲ့ အနက်ကြောင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတာ မရှိပါဘူး” ဟု ထိုဌာန၏ ညွှန်ကြားရေးမှူး ရီနာတိုဆောလဒ်ဒမ်က အစိုးရရုပ်သံမှ တစ်ဆင့် ပြောကြားခဲ့သည်။ မြေငလျင်ဗဟိုချက်နှင့် အနီးဆုံးတွင် ရှိသော လီယန်မြို့ရှိ ကယ်ဆယ်ရေး ဝန်ထမ်းများကလည်း လူသေဆုံး ပျက်စီးမှု မရှိဟု ပြောကြားခဲ့သည်။

သို့သော် မြို့တော်မနီလာနှင့် အနီးအနားရှိ ဒေသများမှ အဆောက်အအုံများမှာမူ ယိမ်းထိုးလှုပ်ယမ်းသွားသည်ဟု မျက်မြင်သက်သေများက ပြောခဲ့ကြသည်။ မနီလာမြို့လယ်ရှိ မာလာကာနန် သမ္မတနန်းတော်နှင့် အနီးအနားရှိ ဘီကောမြို့မှ အခြားအစိုးရ အဆောက်အအုံများမှ ဝန်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်ဟု မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ “မြို့တော်ခန်းမက ဝန်ထမ်းတွေ၊ စီးပွားရေး လုပ်ငန်းတွေက ဝန်ထမ်းတွေကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အဆောက်အအုံတွေကနေ ထွက်ခွာသွားဖို့ အမိန့်ထုတ်ထားပါတယ်” ဟု အစိုးရရှေ့နေ ဘက်ဆိုင်ဒီရိုဆာရီယိုက ပြောကြားခဲ့သည်။

ABC-CBN ရုပ်သံတွင် ဖော်ပြသော ဓာတ်ပုံများထဲ၌ ကျောင်းသား၊ ကျောင်းသူတို့ စာသင်ကျောင်း အပြင်ဘက်သို့ ထွက်ရပ်နေသည်ကို တွေ့ရသည်။ “ငလျင်က တကယ်တော့ သိပ်မပြင်းပါဘူး။ အဆောက်အအုံတွေပေါ်ကနေ ပြေးဆင်းကြတဲ့သူ တစ်ဦးကိုမှ မတွေ့ခဲ့ပါဘူး” ဟု လီယန်မြို့မှ မီးသတ်ဝန်ထမ်း ဂျွန်ခရစ်စတိုဖာကာဂန်ဒန်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်သည် ငလျင်လှုပ်ခတ်မှုများ၊ မီးတောင်ပေါက်ကွဲမှုများ အမြောက်အမြား ဖြစ်ပွားလေ့ရှိသည့် ကျယ်ပြောသော ပစိဖိတ် မီးကွင်းဒေသတွင် တည်ရှိသည်။ ပြီးခဲ့သည့်လကလည်း ဖိလစ်ပိုင်တွင် ၆ ဒသမ ၅ အဆင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အလယ်ပိုင်းကျွန်း လေတီရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ခု ပျက်စီးခဲ့သဖြင့် ဖိလစ်ပိုင် အလယ်ပိုင်းဒေသ တစ်ခုလုံး သီတင်းပတ်နှင့် ချီ၍ လျှပ်စစ်မီး မရရှိ ဖြစ်ခဲ့သည်။ ၂၀၁၃ ခုနှစ်ကလည်း ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိသော ငလျင်ကြီး လှုပ်ခတ်စဉ်က သမိုင်းဝင် ဘုရားရှိခိုးကျောင်းများ ပျက်စီးပြီး သေဆုံးသူ ၂၂၀ ရှိခဲ့သည်။

Ref: AFP

Most Read

Most Recent