ပိုးသတ်ဆေးပါ ဥရောပကြက်ဥ ပြဿနာ ကျယ်ပြန့်လာစဉ် သံသယရှိသူနှစ်ဦး ဖမ်းဆီးခံခဲ့ရ

ပိုးသတ်ဆေးပါ ဥရောပကြက်ဥ ပြဿနာ ကျယ်ပြန့်လာစဉ် သံသယရှိသူနှစ်ဦး ဖမ်းဆီးခံခဲ့ရ
Published 11 August 2017


သြဂုတ် ၉ ရက်က ဘယ်လ်ဂျီယမ်နိုင်ငံရှိ ကြက်ခြံတစ်ခြံတွင် ကြက်ဥများကို ဖျက်ဆီးနေစဉ် (Photo: AFP)
ပိုးသတ်ဆေးပါနေသည့် ကြက်ဥတန်ချိန် ၂၀ ကို နိုင်ငံထဲ၌ ရောင်းချခဲ့ကြောင်း ဒိန်းမတ်က ကြေညာခဲ့ပြီး ဥရောပတွင် ပိုးသတ်ဆေးပါ ကြက်ဥပြဿနာ ပို၍ ကျယ်ပြန့်လာစဉ် ဒတ်ချ်စုံစမ်းစစ်ဆေးသူများက သြဂုတ် ၁၀ ရက်တွင် သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဘယ်လ်ဂျီယံမှ တင်သွင်းလာသော ယင်းကြက်ဥများအား ပြုတ်ပြီး အခွံခွာခဲ့ရာ ပိုးသတ်ဆေး fipronil တစ်စွန်းတစ်စ ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း ဒိန်းမတ်စားသောက်ကုန် ဘေးကင်းလုံခြုံရေး အာဏာပိုင်များက ကြေညာခဲ့သည်။ ယင်းပိုးသတ်ဆေးပါမှုကြောင့် ဥရောပတစ်ဝန်းရှိ စူပါမားကတ်များမှ သန်းနှင့်ချီသော ကြက်ဥများကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။

ဘယ်လ်ဂျီယမ်နှင့် ပူးပေါင်း၍ ပူးတွဲစီးနင်းမှုများအတွင်း ကြက်ခြံများ၌ ပိုးသတ်ဆေး သုံးခဲ့သည်ဟု စွပ်စွဲခံခဲ့ရသော ကုမ္ပဏီမှ မန်နေဂျာနှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဒတ်ချ်အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။ ယင်းကုမ္ပဏီ၏ အမည်သည် Chickfriend ဖြစ်သည်ဟု ဒတ်ချ်မီဒီယာက ဖော်ပြခဲ့သည်။ ဥရောပတွင် ကြက်ဥအကြီးဆုံးတင်ပို့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော နယ်သာလန်မှ လယ်သမားများနှင့် ဘယ်လ်ဂျီယမ်က ကြက်ခြံများတွင် အဖျက်ပိုး အနီရောင်သန်းများကို ရှင်းလင်းရန်အတွက် ၎င်းတို့ ငှားရမ်းခဲ့သည့် ကုမ္ပဏီသည် Chickfriend ဖြစ်သည်ဟု ယခင်က ထုတ်ပြန်ခဲ့သည်။

ယင်းစီးနင်းမှုအတွင်း fipronil ပိုးသတ်ဆေး ထောက်ပံ့သူဖြစ်သော ဘယ်လ်ဂျီယမ်ကုမ္ပဏီ (မီဒီယာများက Poultry-Vision ဖြစ်သည်ဟု ဖော်ပြခဲ့) နှင့် နောက်ထပ် မဖော်ပြနိုင်သော ဒတ်ချ်ကုမ္ပဏီ တစ်ခုတို့ကို အာရုံစိုက်ခဲ့ကြောင်း ဒတ်ချ်အာဏာပိုင်များက ပြောကြားခဲ့သည်။ ဘယ်လ်ဂျီယမ်တွင် ရဲများနှင့် စားသောက်ကုန် ဘေးကင်းလုံခြုံရေး အေဂျင်စီ တာဝန်ရှိသူများက စီးနင်းမှု ၁၁ ကြိမ် အတွင်း အလိမ်အလည်ပြုလုပ်မှုနှင့် ဥရောပစားသောက်ကုန် ဥပဒေများကို ချိုးဖောက်မှု အပါအဝင် ပြစ်မှုများစွာအတွက် သံသယရှိသည့် လူ ၂၆ ဦး သို့မဟုတ် ကုမ္ပဏီများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဘယ်လ်ဂျီယံ စုံစမ်းစစ်ဆေးသူများက ဆိုခဲ့သည်။

ပိုးသတ်ဆေးပါ ကြက်ဥအနှစ် တစ်တန်ကို ရိုမေးနီးယားနှင့် ပိုးသတ်ဆေးပါ ကြက်ဥသေတ္တာ ၂၁ လုံးတို့ကို ဆလိုဗက်ကီးယားတို့တွင် အသီးသီး တွေ့ရှိခဲ့ရပြီးနောက် ယင်းကြက်ဥပြဿနာသည် သြဂုတ် ၁၀ ရက်တွင် အရှေ့ဥရောပအထိ ပျံ့နှံ့ရောက်ရှိခဲ့သည်။ ယင်းပြဿနာနှင့် ဆက်နွှယ်သော ဒတ်ချ် ကြက်ခြံများမှ ကြက်ဥအလုံး ၇၀၀၀၀၀ ကို တင်သွင်းခဲ့ကြောင်း ဗြိတိန်က ကြေညာခဲ့ချိန်တွင် ယင်းပိုးသတ်ဆေးပါ ကြက်ဥများသည် လူဇင်ဘတ်အထိ ရောက်ရှိခဲ့သည်။ ဆွီဒင်နှင့် ဆွစ်ဇာလန်တို့တွင်လည်း ယင်းပိုးသတ်ဆေးပါ ကြက်ဥများကို တွေ့ရှိခဲ့ရသည်။

fipronil အား တိရစ္ဆာန်များတွင် သန်းနှင့် မွှားများ ဖယ်ရှားရန်အတွက် ပုံမှန် အသုံးပြုလေ့ ရှိသော်လည်း စားသောက်ကုန် လုပ်ငန်းများတွင် သုံးစွဲခြင်းကို ဥရောပသမဂ္ဂက ပိတ်ပင်ထားသည်။ ယင်းပိုးသတ်ဆေးအား ပမာဏ အများအပြား စားမိပါက ကျောက်ကပ်၊ အသည်းနှင့် သိုင်းရွိုက်အကျိတ်များကို ထိခိုက်စေနိုင်သည်။

ယင်းပိုးသတ်ဆေးသည် ကြက်ဥများတွင် မည်ကဲ့သို့ ပါဝင်ခဲ့သည်နှင့် စားသုံးသူများအား သတင်းအမှောင်ချထားခြင်း ရှိ၊ မရှိတို့အတွက် မေးခွန်းများ မြင့်တက်လာနေပြီး ယင်းပြဿနာ၏ အခရာဖြစ်နေသော နယ်သာလန်နှင့် ဘယ်လ်ဂျီယမ်တို့သည် ဖိအားတိုးမြှင့် ကြုံနေရသည်။

Ref: AFP

Most Read

Most Recent