စစ်ရေးအထိနာမှုများ ရှိသော်လည်း IS တို့၏ ခြိမ်းခြောက်မှု ရှိနေဆဲဟု ကုလအစီရင်ခံစာက ပြောကြား

စစ်ရေးအထိနာမှုများ ရှိသော်လည်း IS တို့၏ ခြိမ်းခြောက်မှု ရှိနေဆဲဟု ကုလအစီရင်ခံစာက ပြောကြား
Published 11 August 2017

ဇူလိုင် ၂၁ ရက်က ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့တွင် IS အဖွဲ့ဝင်ဟု သံသယရှိသည့် အင်ဒိုနီးရှား အမျိုးသားတစ်ဦးအနီး စောင့်ကြပ်နေသော ကာ့ဒ်စစ်သားတစ်ဦး (Photo: AP)

ဆီးရီးယားနှင့် အီရတ်တွင် IS တို့သည် စစ်ရေးအထိနာမှုများ ရှိနေသော်လည်း ကမ္ဘာလုံးဆိုင်ရာ တိုက်ခိုက်မှုများကို ဆက်လက်ဆောင်ရွက်နိုင်စွမ်း ရှိနေပြီး ၎င်းတို့၏ ရန်ပုံငွေများကို ထောက်ခံသူများထံ ဆက်လက်လွှဲပြောင်းပေးနေကြောင်း ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က သြဂုတ် ၁၁ ရက်တွင် ဖော်ပြခဲ့သည်။

လုံခြုံရေးကောင်စီအတွက် ပညာရှင် အဖွဲ့တစ်ဖွဲ့က ပြင်ဆင်ပေးသော စာမျက်နှာ ၂၄ မျက်နှာပါ ယင်းအစီရင်ခံစာတွင် IS တို့သည် နိုင်ငံရပ်ခြားသို့ ငွေလွှဲပြောင်းမှုများ ဆောင်ရွက်နေပြီး ပမာဏ အနည်းငယ်ဖြင့် လွှဲပို့ကြသောကြောင့် စစ်ဆေးသိရှိရန် ခက်ခဲကြောင်း ထောက်ပြခဲ့သည်။

ဥရောပတွင် တိုက်ခိုက်မှုများ အရှိန်မြှင့်တက်နေမှုက IS တို့သည် အပြည်ပြည်ဆိုင်ရာ၌ တိုက်ခိုက်မှုများ ဆောင်ရွက်ရန် အရှိန်မြှင့်တင်နေကြောင်း ထင်ရှားစေခဲ့သည်။ ဘဏ္ဍာရေး အရင်းအမြစ်များ အများစုသည် ရေနံမှရသော အမြတ်ပေါ်တွင် အခြေခံထားဆဲဖြစ်ပြီး ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော ဒေသခံများထံမှ အခွန်ကောက်ခံပြီး ရရှိသော ငွေများကလည်း IS တို့အတွက် ဘဏ္ဍာရေးရင်းမြစ် ဖြစ်နေဆဲဖြစ်သည်။

ဥရောပအပြင် IS တို့သည် အရှေ့တောင်အာရှ၌ ခြေကုပ်ချဲ့ထွင်ရန် ကြိုးပမ်းနေပြီး ဖိလစ်ပိုင်တောင်ပိုင်း ဖြစ်ရပ်ကို ရည်ညွှန်းပြီး ယင်းအစီရင်ခံစာက ဖော်ပြခဲ့သည်။

အီရတ်နှင့် ဆီရီးယားသို့ သွားရောက်နေကြသော နိုင်ငံခြား တိုက်ခိုက်ရေးသမားများ အရေအတွက်သည် ဆက်လက်ကျဆင်းနေကြောင်း ယင်းအစီရင်ခံစာက ဆိုခဲ့သည်။ ထို့ပြင် စစ်ရေးဖိအားကြောင့် IS တို့၏ ဘဏ္ဍာရေး အခြေအနေသည် တစ်စစ ကျဆင်းလာနေကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာက ဆိုသည်။

IS တို့ထံတွင် အဆင့်မြင့် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပြီးနောက် ဇာတိသို့ ပြန်လာပြီး အစွန်းရောက် သွတ်သွင်းမှုများ ဆောင်ရွက်မည်ကို အထူးဂရုပြုရမည်ဖြစ်ကြောင်း ၎င်းတို့၏ အစွန်းရောက် သွတ်သွင်းမှု ခံရသူများကို တရားရေးဆိုင်ရာ ကာကွယ်မှုများအား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အစီရင်ခံစာက ဆိုခဲ့သည်။

ဇူလိုင်လတွင် အီရတ်အစိုးရ တပ်ဖွဲ့ဝင်များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေအဖြစ် ကြေညာခဲ့သော အီရတ်၏ ဒုတိယအကြီးဆုံးမြို့ မိုဆူးတွင် ခုခံမှုများ ပြင်းထန်နေခြင်းက IS တို့၏ ထိန်းချုပ်ကွပ်ကွဲမှု ဖွဲ့စည်းပုံသည် အလုံးစုံ မပျက်စီးသေးကြောင်း ပြသနေသည်ဟု အစီရင်ခံစာက ထပ်မံပြောကြားခဲ့သည်။

ထို့ပြင် IS တို့သည် ဝယ်ယူရရှိနိုင်သော ဒရုန်းများကို ပြင်ဆင်ရန် သင်ကြားတတ်မြောက်ထားပြီး ယင်းဒရုန်းများကို ထောက်လှမ်းရေးနှင့် ဗုံးကြဲရေးစစ်ဆင်ရေးများအတွက် ပြင်ဆင်တည်ဆောက်နိုင်နေကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် အယ်ကေးဒါး အဖွဲ့က အနောက်အာဖရိက၊ အရှေ့အာဖရိကနှင့် အာရေဗျကျွန်းဆွယ်တွင် သြဇာကြီးသော ကွန်ရက်များကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အထူးသဖြင့် ယီမင်တွင် အယ်ကေးဒါးနှင့် IS တို့အကြား ပူးပေါင်းဆောင်ရွက်မှု ရှိနေကြောင်း အစီရင်ခံစာက ထောက်ပြခဲ့သည်။

ဓားစာခံ ဖမ်းဆီးမှုများအတွက် ပြန်ပေးငွေပေး ရွေးခြင်းသည် တရားမဝင်ကြောင်း အဖွဲ့ဝင်နိုင်ငံများကို လုံခြုံရေးကောင်စီက သတိပေးရန်လည်း ကျွမ်းကျင်သူများအဖွဲ့က တောင်းဆိုခဲ့သည်။

Ref: AFP

Most Read

Most Recent