အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးမှ ဒေါ်လာ ၁၀၇ ဘီလျံ ပြန်လည်ရရှိခဲ့ဟု ဆော်ဒီ ထုတ်ပြန်

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးမှ ဒေါ်လာ ၁၀၇ ဘီလျံ ပြန်လည်ရရှိခဲ့ဟု ဆော်ဒီ ထုတ်ပြန်
Published 1 February 2018

၂၀၁၇ ခုနှစ် နိုဝင်ဘာ ၅ ရက်က ဆော်ဒီမြို့တော် ရီယာ့ဒ်ရှိ Ritz Carlton ဟိုတယ်အား ရိုက်ကူးထားသော ဓာတ်ပုံ (Photo: AFP)

ဆော်ဒီအာရေဗျတွင် ထိပ်တန်းအကျင့်ပျက်ခြစားမှုနှိမ်နင်းရေးမှ ယခုအချိန်အထိ ဒေါ်လာ ၁၀၇ ဘီလျံအားရရှိခဲ့ကြောင်း၊ သံသယရှိသူ ၅၆ အား စစ်ဆေးမေးမြန်းရန် ဆက်လက်ထိန်းသိမ်းထားကြောင်း ရှေ့နေချုပ်က ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သံသယရှိသူ ၃၈၁ ဦးအား စစ်ဆေးမေးမြန်းမှု ပြီးဆုံးခဲ့ပြီး ၅၆ ဦးကို ဆက်လက်ထိန်းသိမ်းကာ ကျန်သူများအား ပြန်လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေချုပ် ရှိတ်ဆော့အယ်မိုဂျက်က ပြောကြားခဲ့သည်။

ပြန်လွှတ်ပေးခဲ့သူများတွင် အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့သူများ ပါဝင်ခဲ့သလို အချို့ကမူ ခြစားမှုစွဲချက်များတွင် အပြစ်ရှိကြောင်းဝန်ခံပြီး အစိုးရထံကျေအေးငွေပေးရန် သဘောတူခဲ့သူများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးခံခဲ့ရသူများ ပြန်ပေးသည့် ကျေအေးငွေ စုစုပေါင်းတန်ဖိုးသည် အိမ်ခြံမြေ၊ ရှယ်ယာများ၊ ငွေသားများအပါအဝင် ပေးချေမှုပုံစံမျိုးစုံဖြင့် ရီရယ်ဘီလျံ ၄၀၀ (ဒေါ်လာ ၁၀၇ ဘီလျံ) အထိရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ် နိုဝင်ဘာတွင် အာဏာပိုင်များသည် မကြုံဖူးသော အကျင့်ပျက်ခြစားမှုနှိမ်နင်းရေးကို ဆောင်ရွက်ခဲ့ပြီး ဘုရင်မိသားစုဝင်များ၊ ထိပ်တန်းလုပ်ငန်းရှင်များနှင့် အစိုးရတာဝန်ရှိသူများ၏အဖွဲ့ဝင် ရာနှင့်ချီကို ဖမ်းဆီးခဲ့သည်။ ထိန်းသိမ်းခံခဲ့ရသူများထဲတွင် ကန္တာရဘုရင့်နိုင်ငံ၏ အထင်ရှားဆုံးနှင့် အချမ်းသာဆုံးဖြစ်သော မင်းသားအယ်ဝါလိဘင်တာလယ်လည်း ပါဝင်သည်။ ဆော်ဒီ၏ဝါရင်းဘတ်ဖက်ဟု အမည်ပြောင်ရထားသော ယင်းမင်းသားသည် အာဏာပိုင်များနှင့် မထုတ်ပြန်ခဲ့သော ကျေအေးငွေပမာဏ သဘောတူညီချက်ရခဲ့ပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင် ပြန်လွတ်လာခဲ့သည်။ ၎င်းသည် ရှယ်ယာ ၉၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသော Kingdom Holding ကုမ္ပဏီ၏ဥက္ကဋ္ဌအဖြစ် ရှိနေဆဲဖြစ်သည်။

အလွန်အမင်းရှေးရိုးစွဲဆန်သော ပင်လယ်ကွေ့မွတ်စလင်နိုင်ငံတွင် လူမှုရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေးအစီအစဉ် Vision 2030 ကို ဦးဆောင်ရေးဆွဲသူဖြစ်သော အသက် ၃၂ နှစ်ရှိ အိမ်ရှေ့မင်းသားဖြစ်သူ မိုဟာမက်ဘင်ဆယ်မန်ဦးဆောင်သော ယင်းခြစားမှုနှိမ်နင်းရေးသည် ငွေညှစ်မှုနှင့် အာဏာချုပ်ကိုင်မှုဖြစ်သည်ဟု ဝေဖန်သူအချို့က ထောက်ပြခဲ့ကြသည်။ အာဏာပိုင်များကမူ ရေနံခေတ်လွန်အတွက် ကြိုတင်ပြင်ဆင်နေစဉ် အမြစ်တွယ်နေသော အကျင့်ပျက်ခြစားမှုကို ပစ်မှတ်ထား နှိမ်နင်းခြင်းဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

ဆက်လက်ထိန်းသိမ်းထားသူ ၅၆ ဦးကိုမူ အခြားပြစ်မှုဆိုင်ရာ အမှုများအတွက် စစ်ဆေးမေးမြန်းရန်ရှိသောကြောင့် ကျေအေးငွေပေး၍ ပြန်လွှတ်ပေးရန် ပယ်ချထားကြောင်း ရှေ့နေချုပ်က ပြောကြားခဲ့သည်။ အာဏာပိုင်များသည် သြဇာကြီးအာရပ်ဂြိုဟ်တုရုပ်သံ MBC ပိုင်ရှင်ဖြစ်သူ ဝါလိဒ်အယ်အီဘရာဟင်အား ဇန်နဝါရီ ၂၄ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ အမျိုးသားအစောင့်တပ် ခေါင်းဆောင်ဟောင်း မင်းသားမီတက်ဘင် အဗ္ဗဒူလာသည်လည်း ကျေအေးငွေ ဒေါ်လာတစ်ဘီလျံကျော်ဖြင့် မကြာသေးမီက ပြန်လွတ်လာခဲ့သည်။ ယင်းသံသယရှိသူများအား ထိန်းသိမ်းထားသော ရီယာ့ဒ်ရှိဇိမ်ခံဟိုတယ် Ritz Carlton ကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြန်ဖွင့်မည်ဖြစ်သည်။

Most Read

Most Recent