ရုရှားသမ္မတပူတင်၏ အနီးကပ်နှင့် အချမ်းသာဆုံးမဟာမိတ်များအား ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်မည်ဟု အမေရိကန် ခြိမ်းခြောက်

ရုရှားသမ္မတပူတင်၏ အနီးကပ်နှင့် အချမ်းသာဆုံးမဟာမိတ်များအား ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်မည်ဟု အမေရိကန် ခြိမ်းခြောက်
Published 1 February 2018

ဇန်နဝါရီ ၃၀ ရက်က မော်စကိုတွင် အခမ်းအနားတစ်ခု၌ စကားပြောနေသော သမ္မတ ပူတင် (Photo: AFP)

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ အနီးကပ်ဆုံးနှင့် အချမ်းသာဆုံး မဟာမိတ်များ၏စာရင်းအား အမေရိကန်၏ထုတ်ပြန်မှုကို ပူတင်ကပယ်ချခဲ့ပြီးနောက် ရုရှားအား မကြာမီပိတ်ဆို့အရေးယူမှုများ ချမှတ်သွားမည်ဟု အမေရိကန်က ဇန်နဝါရီ ၃၀ ရက်တွင် ခြိမ်းခြောက်ခဲ့သည်။ ရုရှားနှင့်ဆက်ဆံရေးနွေးထွေးလာစေရန် မျှော်လင့်နေဆဲဖြစ်သော အမေရိကန်သမ္မတဒေါ်နယ်ထရန့်က စိတ်မပါဘဲ လက်မှတ်ထိုးခဲ့ပြီးနောက် ရက်ပေါင်း ၁၈၀ အကြာတွင် အာဏာသက်ဝင်ခဲ့သည့် ဥပဒေသစ်အရ ဇန်နဝါရီ ၂၉ ရက်တွင် အမေရိကန်က ရုရှားအား ပိတ်ဆို့အရေးယူမှုသစ် အများအပြားချမှတ်မည်ဟု မျှော်လင့်ထားကြသည်။

သို့သော် အံ့အားသင့်ဖွယ်အဖြစ် ဝါရှင်တန်သည် ပိတ်ဆို့အရေးယူမှုသစ်များ ရင်ဆိုင်ရနိုင်သောကုမ္ပဏီများ သို့မဟုတ် တစ်ဦးချင်းစီအား ဖော်ထုတ်ပေးရန်ငြင်းဆန်ခဲ့ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပူတင်၏အတွင်းစည်းလူများဟု သတ်မှတ်ခံရသော အစိုးရထိပ်တန်းတာဝန်ရှိသူများနှင့် အလွန်အမင်းကြွယ်ဝသူများ၏စာရင်းကိုသာ ထုတ်ပြန်ခဲ့သည်။ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု သံသယရှိမှုဖြင့် မော်စကိုအား အရေးယူရန် တောင်းဆိုမှုများရှိနေသော်လည်း ယင်းစာရင်းတွင် ပါဝင်သူများသည် အရေးယူမှု ချက်ချင်းကြုံတွေ့ရမည်မဟုတ်ပေ။

ပူတင်ကလည်း အမေရိကန်၏ မိတ်ဆွေမဆန်သော ယင်းနောက်ဆုံးလုပ်ရပ်သည် အသေးအမွှား အဆင်မပြေမှုသာဖြစ်ကြောင်း ပယ်ချခဲ့သည်။ Forbes မဂ္ဂဇင်းက နှစ်စဉ်ထုတ်ပြန်နေကျ အလွန်အမင်းကြွယ်ဝသူများစာရင်းကဲ့သို့ အလွယ်တကူရရှိနိုင်သော အချက်အလက်များကိုအခြေပြု၍ ယခုစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်တာဝန်ရှိသူများက ဝန်ခံခဲ့သည်။ ယင်းစာရင်းတွင် ၎င်း၏အမည်မပါသဖြင့် စိတ်ပျက်မိကြောင်း အသက် ၆၅ နှစ်ရှိ ပူတင်က ထောက်ခံသူများအား ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှု၊ ရွေးကောက်ပွဲဝင်ရောက်စွက်ဖက်မှု သို့မဟုတ် ယူကရိန်းကဲ့သို့ အိမ်နီးချင်းနိုင်ငံများအား စွက်ဖက်မှုတို့အတွက် ရုရှားအားအပြစ်ပေးရန် အမေရိကန်အစိုးရကို အခွင့်အာဏာပေးထားသည့် (CAATSA) ဥပဒေ သို့မဟုတ် အခြားအက်ဥပဒေအရ အရေးယူဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးစတီဗင်နူချင်းက အထက်လွှတ်တော်ကြားနာမှု၌ ပြောကြားခဲ့သည်။ လာမည့်လပိုင်းအတွင်း၊ တစ်လအတွင်း ပိတ်ဆို့အရေးယူမှုသစ်များ ချမှတ်နိုင်ကြောင်း နူချင်းက ပြောကြားခဲ့သည်။

အမေရိကန်က ထုတ်ပြန်ခဲ့သောစာရင်းတွင် ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ရော့ဗ်၊ ရုရှား၏ဒုတိယသြဇာအကြီးဆုံးပုဂ္ဂိုလ်ဟု ယူဆခံရသော နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီကြီး Rosneft အမှုဆောင်ချုပ် အီဂေါ်ဆီချင်းတို့အပါအဝင် နိုင်ငံရေး သို့မဟုတ် အစိုးရတာဝန်ရှိသူ ၁၁၄ ဦးနှင့်အတူ ပိုင်ဆိုင်မှုဒေါ်လာတစ်ဘီလျံထက်မနည်းစီရှိကြသော သြဇာကြီးလုပ်ငန်းရှင်များဟု ယူဆရသူ ၉၆ ဦးတို့ပါဝင်သည်။ မတ်တွင် ကျင်းပမည့်ရုရှားသမ္မတ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ခွင့်ပိတ်ပင်ခံထားရသော ခြစားမှုတိုက်ဖျက်ရေးတက်ြွကလှုပ်ရှားသူ အလက်ဇီနာဗာညီက အမေရိကန်၏စာရင်းသည် ၎င်းနှင့်၎င်း၏အဖွဲ့က စုံစမ်းစစ်ဆေးခဲ့သည့်စာရင်းထက် ပိုမိုများပြားကြောင်း ပြောကြားခဲ့သည်။

Most Read

Most Recent