ပစိဖိတ်သမုဒ္ဒရာထဲ၌ နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောပေါ်တွင် လူ ၈၀ ထက်မနည်း လိုက်ပါသွားခဲ့

ပစိဖိတ်သမုဒ္ဒရာထဲ၌ နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောပေါ်တွင် လူ ၈၀ ထက်မနည်း လိုက်ပါသွားခဲ့
Published 1 February 2018

ဇန်နဝါရီ ၃၁ ရက်က ဆစ်ဒနီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်နေသော သြစတြေးလျ ပို့ဆောင်ရေးဘေးကင်းလုံခြုံရေး ဘုတ်အဖွဲ့မှ အမှုဆောင် ညွှန်ကြားရေးမှူး (Photo: AFP)

ပစိဖိတ်သမုဒ္ဒရာ၏ ဝေးလံသောနေရာ၌ နစ်မြုပ်သွားခဲ့သည့် ကူးတို့သင်္ဘောတစ်စင်းပေါ်တွင် လူ ၈၀ ကျော်လိုက်ပါသွားခဲ့သည်ဟု အစိုးရအရာရှိများက ဇန်နဝါရီ ၃၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကီရီဘတီနိုင်ငံမှ အကြီးတန်းလွှတ်တော်အမတ်တစ်ဦးက သင်္ဘောနစ်မြုပ်မှုနှင့် ပတ်သက်ပြီး လွတ်လပ်သောစုံစမ်းမှုတစ်ခုပြုလုပ်ရန် ဆော်သြခဲ့သည်။

နိုင်ငံပေါင်းစုံပါဝင်သော ကယ်ဆယ်ရေးလုပ်ငန်းသည် ပစိဖိတ်သမုဒ္ဒရာတွင် ပိုက်စိတ်တိုက်ရှာဖွေနေကြသော်လည်း လက်ရှိအချိန်အထိ လူခုနစ်ဦးသာအသက်ရှင်လျက် ကယ်နိုင်ခဲ့သည်။ ထို့ပြင် အသက်ရှင်ကျန်ရစ်သူများကို ထပ်မံတွေ့ရှိရန် မျှော်လင့်ချက်မှာလည်း မှေးမှိန်စပြုလာပြီဖြစ်သည်။

MV Butiraoi သင်္ဘောပေါ်တွင် ၃၅ ဦးမှ ၁၀၀ ကျော်အထိ လိုက်ပါသွားသည်ဟု အစောပိုင်းကခန့်မှန်းခဲ့ကြသော်လည်း နောက်ပိုင်းတွင် လိုက်ပါသွားသူဦးရေမှာ တဖြည်းဖြည်းရှင်းလင်းလာခဲ့သည်။ နောက်ဆုံးတွင် ကီရီဘတီအာဏာပိုင်များက သင်္ဘောပေါ်တွင် ခရီးသည် ၈၀ ကျော်နှင့်အတူ အမှုထမ်းငါးဦးဝန်းကျင် လိုက်ပါလာသည့်အကြောင်း အတည်ပြုခဲ့သည်။

သင်္ဘောပျောက်ဆုံးသည့်နေရာမှ ရှာဖွေနေမှုများကို နယူးဇီလန်၊ သြစတြေးလျ၊ အမေရိကန်တို့မှ လေယာဉ်လေးစင်းကလည်း လာရောက်ကူညီပေးခဲ့သည်ဟု သိရသည်။ လက်ရှိတွင် နစ်မြုပ်သွားသည့် ကူးတို့သင်္ဘောမှ ထွက်သွားသော အသက်ကယ်လှေတစ်စင်းကို အာရုံစိုက်ရှာနေကြသည်။ ထိုအသက်ကယ်လှေတွင် လူ ၂၅ ဦးခန့် လိုက်ပါနိုင်သည်။

၁၇ ဒသမ ၅ မီတာ (၅၇ ဒသမ ၄ ပေ) ရှည်သည့် MV Butiraoi သင်္ဘောသည် ဘက်တီအိုသို့ နှစ်ရက်ကြာခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၈ ရက်ကထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။ ဘတ်တီအိုသည် ကီရာဘတီကျွန်းနိုင်ငံ၏ မြို့တော်ဆော့တာရာဝါ၏ အကြီးဆုံးမြို့နယ်ဖြစ်သည်။

ထိုဖြစ်စဉ်ကို ကီရီဘတီအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအား ကီရီဘတီဝန်ကြီးချုပ်ဟောင်း လီရီမီယာတာဘိုင်က အပြစ်တင်ခဲ့သည်။ တာဘိုင်သည် လက်ရှိတွင် သင်္ဘောထွက်ခွာသွားခဲ့သည့် နိုနော့တီကျွန်း၏ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

သင်္ဘောပျောက်ဆုံးကြောင်း သတိပေးချက်ထုတ်ပြန်ရန် ရှစ်ရက်ကြာမြင့်ခဲ့ရသည့် အကြောင်းရင်းနှင့် ပင်လယ်ပြင်တွင်မသွားနိုင်သော သင်္ဘောတစ်စင်းကို အဘယ်ကြောင့် ခုတ်မောင်းခွင့်ပြုခဲ့ကြောင်းကို နိုနော့တီကျွန်းပေါ်မှ ဝမ်းနည်းကြေကွဲနေကြသူ ၂၀၀၀ ကျော်သည် သိလိုနေကြသည်ဟု ၎င်းဆိုသည်။

“ဒီဖြစ်စဉ်ကိုစုံစမ်းဖို့ အမှီအခိုကင်းတဲ့ ကော်မရှင်တစ်ခုလိုပါတယ်” ဟု ၎င်းက နယူးဇီလန်ရေဒီယိုသို့ ပြောကြားခဲ့သည်။

Most Read

Most Recent