အမေရိကန်သံရုံး ဝန်ထမ်းများ လျှော့ချရန် ညွှန်ကြားခဲ့သည့် ပူတင်အား ထရန့်က ကျေးဇူးတင်

အမေရိကန်သံရုံး ဝန်ထမ်းများ လျှော့ချရန် ညွှန်ကြားခဲ့သည့် ပူတင်အား ထရန့်က ကျေးဇူးတင်
Published 11 August 2017

သြဂုတ် ၈ ရက်က နယူးဂျာစီရှိ ထရန့်အမျိုးသား ဂေါက်ကလပ်၌ အစိုးရ တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲတွင် မြောက်ကိုရီးယားအကြောင်း ပြောကြားနေသော သမ္မတထရန့် (Photo: AFP)

မော်စကိုရှိ အမေရိကန်သံရုံးမှ ဝန်ထမ်းများအား လျှော့ချရန် ညွှန်ကြားခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကျေးဇူးတင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် အသုံးစရိတ်များ လျှော့ချပေးနိုင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ မော်စကိုရှိ အမေရိကန် သံတမန်များနှင့် ဒေသဆိုင်ရာ ဝန်ထမ်းများအား ၇၅၅ ဦးအထိ ဝါရှင်တန်က လျှော့ချရန်နှင့် ဝင်းနှစ်ခုကိုလည်း ပိတ်ပစ်ရန် မော်စကိုက ပြီးခဲ့သောလတွင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ရုရှားနှင့် အမေရိကန်အကြား ဆက်ဆံရေးသည် စစ်အေးခေတ်အလွန် သမိုင်းဝင် အနိမ့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ရုရှားနှင့် ဆက်ဆံရေး နီးကပ်လာစေရန် ကာလရှည်ကြာ ကြိုးပမ်းနေသော ထရန့်က နယူးဂျာစီတွင် ထိပ်တန်းလက်ထောက်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယင်းပြဿနာတွင် မျှော်လင့်ချက် အရိပ်အယောင်ရှိကြောင်း ပြောကြားခဲ့သည်။ လစာစာရင်းများ လျှော့ချရန် ကြိုးပမ်းနေချိန်တွင် ပူတင်၏ ညွှန်ကြားမှုအတွက် ကျေးဇူးတင်ကြောင်း၊ ယင်းကဲ့သို့ လူအများအပြားအား လျှော့ချခွင့်ပြုသည့်အတွက် လစာပေးရမှုများ လျှော့ချနိုင်မည် ဖြစ်သဖြင့် ၎င်းအား အလွန်အမင်း ကျေးဇူးတင်ကြောင်း ထရန့်က ကြေညာခဲ့သည်။

ယူကရိန်းတွင် မော်စကို၏ ဝင်ရောက်ကျူးကျော်မှု၊ ကရင်မလင်၏ မဟာမိတ်များအား ဝါရှင်တန်က စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ချမှတ်မှုတို့အတွက် အမေရိကန်နှင့် ရုရှားတို့သည် ရှားစောင်းစေးနှင့် မျက်ချေး ဖြစ်နေကြသည်။

ပြီးခဲ့သောနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ထရန့် ရွေးကောက်ခံရစေရန်အတွက် ကူညီပေးရန် ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့သည်ဟု အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ စွပ်စွဲချက်များကလည်း နှစ်နိုင်ငံ ဆက်ဆံရေးကို အရိပ်မိုးနေခဲ့သည်။ သို့သော် ယင်းအယူအဆကို ထရန့်ထောက်ခံသူများက ပယ်ချခဲ့ကြသည်။ ထရန့်၏ မဲဆွယ်အဖွဲ့နှင့် ရုရှားတို့အကြား ပူးပေါင်းကြံစည်မှု ရှိခဲ့ကြောင်း စွပ်စွဲချက်များကို လတ်တလောတွင် အမေရိကန် အထူးအစိုးရ ရှေ့နေတစ်ဦးက ဦးဆောင်၍ စုံစမ်းစစ်ဆေးနေသည်။

အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေးများ ချိုးဖောက်မှု၊ အနောက်မူဝါဒများအား ပူးသတ်မှု၊ ယူကရိန်းခွဲထွက် သူပုန်များအား ထောက်ပံ့ပေးမှု စသည်တို့အတွက် ရုရှားကို ပို၍ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်သည့် ဥပဒေ တစ်ရပ်ကို ပြီးခဲ့သောလတွင် အမေရိကန် ကွန်ဂရက်က အတည်ပြုပေးခဲ့သည်။ ကွန်ဂရက်၏ အကြံပြု ဆွေးနွေးမှု မပါဘဲ သမ္မတ အနေဖြင့် ပိတ်ဆို့ အရေးယူမှုများအား ဖယ်ရှားခြင်း မပြုနိုင်သည့် ယင်းဥပဒေကြမ်းကို ထရန့်က ကန့်ကွက်ခဲ့သော်လည်း ဥပဒေအဖြစ် လက်မှတ်ထိုးခဲ့သည်။

ယင်းအချိန်တွင် အသုံးစရိတ်များ လျှော့ချရန်နှင့် ရည်မှန်းချက် သစ်များအား ပြန်လည်အာရုံစိုက်ရန် ရည်ရွယ်သော နိုင်ငံခြားရေးဌာန၏ အစီအစဉ်များကို အလုံးစုံ ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က ပြောကြားခဲ့သည်။

သံရုံးဝန်ထမ်းများ လျှော့ချရန် မော်စကို၏ ညွှန်ကြားချက်အား စက်တင်ဘာ ၁ ရက်မတိုင်မီ အမေရိကန်က တုံ့ပြန်သွားမည် ဖြစ်ကြောင်း ယခု သီတင်းပတ် အစောပိုင်းတွင် ဒေသဆိုင်ရာ လုံခြုံရေးဖိုရမ် တက်ရောက်ရန် မနီလာ၌ ရောက်ရှိနေစဉ် တေလာဆင်က ပြောကြားခဲ့သည်။

Ref: AFP

Most Read

Most Recent